close

အရေးပေါ်အခြေအနေပြန်ရုပ်သိမ်းရန် ကေအန်ယူ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ တောင်းဆို

စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်တဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ နေ့စွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ကြေညာချက်ဟာ စစ်ကြေညာလိုက်တဲ့အသွင်ဆောင်နေတဲ့အတွက် လွန်စွာထိတ်လန့်စိုးရွံမိကြောင်း၊ စစ်ကြောင့် နိုင်ငံသူနိုင်ငံသားတွေရဲ့ အစားအဝတ်အနေ ဆင်းရဲကြရပြီး ဒုက္ခမျိုးစုံ ကြုံခဲ့ပြီးဖြစ်တဲ့အတွက် ထပ်မံ မကြုံတွေ့စေလိုတော့ပါလို့  စာမှာ ဖော်ပြပါတယ်။

ဒါကြောင့် ဒီအမိန့်ကို မရုပ်သိမ်းနိုင်ခဲ့ပါက အမိမြေကို စစ်တလင်းအဖြစ်သို့ ပို့ဆောင်ပေးနေတဲ့ သဘောဆောင်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် အန်ယူဂျီအနေနဲ့ အရေးပေါ်အခြေအနေ ပြန်လည်ရုပ်သိမ်းပေးဖို့၊ သူ့ဒေသကို အခြေပြုပြီး စစ်ရေးဆောင်ရွက်မှု မပြုလုပ်ဖို့၊ ကေအန်ယူအမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့အညီ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာဖို့ မေတ္တာရပ်ခံထားပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ပြီး ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီလက ကြေညာလိုက်ပြီး စစ်အုပ်ချုပ်ရေးကို တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကလည်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်က ဒူးပလာယာခရိုင် နယ်မြေတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင် ရှိ၊ မရှိ စစ်ဆေးမယ့်အပေါ် အဆိုပါ အဖွဲ့ကို လက်မခံထားဖို့ ပဒိုစောရွှေမောင်းက သက်ဆိုင်ရာ တပ်မဟာနဲ့ မြို့နယ်ခေါင်းဆောင်တွေကို ညွှန်ကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up