မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ်ကို ဂျပန်အစိုးရက ထောက်ခံ

ဂျပန်နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆုမိုတဲဂီ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ဧရာဝဏ်ယူဆော့ဖ်ကို အပြည့်အဝ ထောက်ခံကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။
ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဧရာဝဏ်ယူဆော့ဖ်နဲ့ နာရီဝက်ကြာ တယ်လီကွန်ဖရင့် တွေ့ဆုံဆွေးနွေးပွဲမှာ ဂျပန်ဝန်ကြီး မိုတဲဂီက အထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံကို ခပ်စောစော သွားရောက်နိုင်ပါလိမ့်မယ်လို့ သူ့ရဲ့ခိုင်မာတဲ့ဆန္ဒကို ပြောကြားခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနကနေ သိရပါတယ်။
သူတို့ရဲ့ဆွေးနွေးမှုကို အမျိုးသားညီညွတ်ရေးအစိုးရက အာဏာသိမ်းစစ်ကောင်စီကို ခုခံစစ် ကြေညာပြီး နောက်တစ်ရက်မှာပဲ ပြုလုပ်ခဲ့တာပါ။
ဧရာဝဏ်ယူဆော့ဖ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ တတ်နိုင်သမျှ သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးကြောင်းကို မိုတဲဂီက အလေးအနက် ပြောကြားခဲ့ပြီး ဂျပန်ကလည်း အထူးသံတမန်ရဲ့အလုပ် ပြီးမြောက်အောင်မြင်တဲ့အထိ တတ်နိုင်တာအားလုံး ကူညီပေးနိုင်တယ်လို့ ကတိပြုပြောကြားခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုပါတယ်။
ဂျပန်ဝန်ကြီးက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်မယ့် ဂျပန်နိုင်ငံရဲ့ စီမံကိန်းမှာ တိုးတက်မှုနဲ့ ပတ်သက်ပြီး အထူးသံတမန်ကို အကျဉ်းချုပ်ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ဂျာကာတာမှာ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာ ရရှိခဲ့တဲ့ဘုံသဘောတူညီချက် ၅ ချက်ထဲမာ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုကိုရပ်တန့်ရေးနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ် ပြန်သွားရေးတွေ ပါဝင်ပါတယ်။