close

နေအိမ်၊ တိုက်ခန်းငှားသူများကို စစ်ကောင်စီခြိမ်းခြောက် သတိပေး

နေအိမ်၊ တိုက်ခန်း ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်ကြောင်း ဖော်ထုတ်ရရှိပါက  ငှားရမ်းတဲ့ အိမ်ပိုင်ရှင်တွေ အရေးယူခံရမယ့်အပြင်   နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမယ်လို့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က သတိပေးခြိမ်းခြောက်ထားပါတယ်။  

နေအိမ်၊ တိုက်ခန်း ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း ဖော်ထုတ်ရရှိပါက ငှားရမ်းစဉ်မှာ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်းမတိုင်ကြောင်း  စိစစ်တွေ့ရှိရပါက ပိုင်ရှင်မှာ တာဝန်ရှိမှာဖြစ်လို့ သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့  စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ စက်တင်ဘာ ၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အဆိုပါ ငှားရမ်းထားတဲ့ နေအိမ်၊ တိုက်ခန်းတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်နေတဲ့ အမှုတွေနဲ့ ဆက်စပ်ပြီး  သက်သေခံအဖြစ် သိမ်းဆည်းခံရမှာဖြစ်ပြီး တရားရုံးမှာ စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမယ်လို့လည်း  သတိပေးထားပါတယ်။

နိုင်ငံအနှံ့ ဖောက်ခွဲဖျက်ဆီးသူတွေဟာ  တိမ်းရှောင်၊ ပုန်းခိုနေထိုင်ဖို့  နေအိမ်၊ တိုက်ခန်းတွေ ငှားရမ်းသုံးစွဲခဲ့ကြပြီး အကြမ်းဖက်လုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း  တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် နေအိမ်၊ တိုက်ခန်း ငှားရမ်းသူ အိမ်ရှင်တွေအနေနဲ့ မိမိတို့ရဲ့ နေအိမ်၊ တိုက်ခန်းတွေ ငှားရမ်းမယ် ဆိုပါက ငှားရမ်းနေထိုင်သူတွေရဲ့ ကိုယ်ရေးအချက်အလက်၊ အထောက်အထားပြည့်စုံစွာနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံတွေမှာ ဧည့်စာရင်း တိုင်ကြားဖို့နဲ့ သံသယဖြစ်ဖွယ်တွေ့ရှိရပါက အချိန်မီသတင်းပို့ အကြောင်းကြားဖို့ စစ်ကောင်စီက တိုက်တွန်းထားပါတယ်။ 

စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီမှ  စက်တင်ဘာ ၉ ရက်အထိ  မြန်မာနိုင်ငံတဝန်း ဗုံးခွဲတိုက်ခိုက်မှုပေါင်း ၂၃၉၀ ကြိမ်၊ လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃၀၄ ကြိမ်  ဖြစ်ပွားခဲ့ပြီး ၇၉၉ ယောက်သေဆုံးကာ ၇၂၆ ယောက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒီကနေ့ စက်တင်ဘာ ၁၂ ရက်ထုတ် စစ်ကောင်စီ အာဘော်သတင်းစာတွေမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up