close

အရောင်းအဝယ်မရှိ၍ ကြာအင်းဆိပ်ကြီး ရှောက်သံပရာစိုက်တောင်သူများ စား၀တ်နေရေးခက်ခဲလာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (KNU- ဒူးပလာယာခရိုင်) မှာ ဒေသထွက်ကုန် ရှောက်သီး၊ သံပရာသီး အရောင်းအဝယ်မရှိတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့  တောင်သူတွေက ပြောပါတယ်။ 

ရာသီပေါ်သီးနှံဖြစ်တဲ့ ရှောက်သီး၊ သံပရာသီးတွေကို ဘုရားသုံးဆူနယ်စပ်ကတဆင့် ထိုင်းနိုင်ငံကို အဓိကတင်ပို့နေရာက နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုဗစ်ရောဂါတွေကြောင့် တင်ပို့ခွင့်မရသလို ပြည်တွင်းမှာပါ အရောင်းအဝယ်မရှိတဲ့အတွက် စျေးနှုန်းကျဆင်းပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ 

အခုနှစ် သံပရာသီး တစ်လုံးကို ၃၀ ကျပ်သာ ပေါက်ဈေးရှိပြီး၊ ပြီးခဲ့တဲ့နှစ်က တစ်လုံး ၇၀ ကျပ်ဈေးနှုန်းကနေ ထက်ဝက်ကျော် ကျဆင်းသွားတဲ့အတွက် လုပ်အားခအပြင် အထွေထွေစရိတ်ပါ ပြန်မရတဲ့အတွက် စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဘုရားသုံးဆူမြို့၊ သံပရာတောင်သူတစ်ဦးက “သံပရာသီးက ဝယ်သူတောင်မရှိဘူး။ ဒီလိုအချိန်မှာ အသီးတွေက လှိုင်လှိုင်ပေါ်ချိန် ဝယ်လက်မရှိတာ။ အခုတော့ အသီးခူးဆွတ်ခ၊ တောရှင်းခ၊ အကုန်ရှုံးတယ်။ ဘာလုပ်စားရမလဲ။ နိုင်ငံရေးမတည်ငြိမ်လေ တောင်သူတွေ  ပိုဒုက္ခရောက်လေပဲ” လို့ ပြောပါတယ်။ 

ဘုးရားသုံးဆူမြို့၊ ရာသီသီးနှံဝယ်ရောင်းတစ်ဦးက “အဓိက ထိုင်းနယ်စပ်က ကုန်သည်တွေဆီကို တင်သွင်းရတယ်။ အခုက ကိုစစ် ကိုဗစ်နဲ့ ဝယ်ရောင်းမဖြစ်တော့ တောင်သူတွေ အရှုံးပေါ်တာပေါ့။ မနှစ်က အရောင်းအဝယ် နည်းနည်းဖြစ်သေးတယ်။ ဒီနှစ်က မရှိသလောက်ပဲ” လို့ ဆိုပါတယ်။ 

ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံ၊ ကျုံဒိုးမြို့နယ်တွေမှာ ကွမ်း၊ ဆနွင်း၊ သံပရာ၊ ရှောက်သီးတို့ကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြပြီး ထိုင်းနိုင်ငံကို အဓိကတင်ပို့နေရတာဖြစ်လို့ ရေရှည်စျေးကွက်ရရှိဖို့ တာဝန်ရှိသူတွေအနေနဲ့ ကူညီဆောင်ရွက်ပေးစေလိုတယ်လို့ တောင်သူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up