close

ဥရောပနိုင်ငံတချို့ ဘုံကောင်းကျိုးထက် ကိုယ်ကျိုးရှေ့တန်းတင်နေဟု ပုပ်ရဟန်းမင်းကြီးဝေဖန်

ဥရောပနိုင်ငံတချို့ဟာ ဘဏ္ဍာရေးအကျိုးအမြတ်၊ ယဉ်ကျေးမှုစစ်ပွဲတွေနဲ့ တဦးချင်း အခွင့်အရေးတွေကို ဒေသတွင်း ဘုံကောင်းကျိုးထက်ပိုပြီး ရှေ့တန်းတင်ခဲ့ရင် ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုကာကွယ်တဲ့ စိတ်နေစိတ်ထားမျိုးဆီ ပြန်ရောက်မယ့်ဘေးတွေ ဖြစ်လာလိမ့်မယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စက်တင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

စလိုဗက် သမ္မတ၊ အရာရှိတွေနဲ့ သံတမန်တွေကို သမ္မတနန်းတော်ပန်းခြံထဲမှာ မိန့်ခွန်းပြောရင်း ခုလို ပြောလိုက်တာပါ။ စလိုဗက်ကီးယားနိုင်ငံမှာ ပထမဆုံးတရက် အပြည့်နေအပြီး ပုပ်ရဟန်းမင်းကြီးဟာ ဟန်ဂေရီနိုင်ငံမှာ စတင်ဟောပြောခဲ့တဲ့ ဆောင်ပုဒ်ကို ဆက်ပြီး ဟောပြောပါတယ်။

၁၉၈၉ ကတ္တီပါ တော်လှန်ရေးအပြီး ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပြိုကွဲအပြီးမှာ စလိုဗက်ကီးယားနိုင်ငံဟာ ၁၉၉၃ မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ အဲဒီနောက် ဆိုဗီယက် ကျောထောက်နောက်ခံပေးထားတဲ့ အုပ်ချုပ်ရေး နှစ် ၄၀ လည်း အဆုံးသတ်ခဲ့ပါတယ်။

၁၉၈၉ နောက်ပိုင်းမှာတော့ အလယ်နဲ့ အရှေ့ဥရောပနိုင်ငံတွေက စီးပွားရေး တိုးလာပြီး ဥရောပ သမဂ္ဂအတွင်း သူတို့ရဲ့ပေါင်းစည်းရေးဟာ အမျိုးသားရေးဝါဒီဘက်ကို ယိမ်းယိုင်မှုနဲ့ ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး ခံစားချက်တွေအောက်ကို ရောက်ခဲ့ပါတယ်။

စလိုဗက်ကီးယားရဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ဟန်ဂေရီနဲ့ ပိုလန်တို့ဟာ လူဝင်မှုကြီးကြပ်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တွေအရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂနဲ့ သဘောမတူဘဲ အငြင်းပွားနေပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အီတလီနိုင်ငံ ရောမမြို့တော်ကို  စက်တင်ဘာ ၁၅ ရက်မှာ မပြန်ခင် စလိုဗက်ကီးယားနိုင်ငံအတွင်း မြို့ ၄ မြို့ဆီ သွားရောက်လည်ပတ်ဦးမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up