close

တိုင်းမ်မဂ္ဂဇင်း၏ ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် မြန်မာလူငယ် အမျိုးသမီး ၂ ဦး ပါဝင်

တိုင်းမ်မဂ္ဂဇင်းက ၂၀၂၁ ခုနှစ်အတွက်ရွေးချယ်ထားတဲ့   ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ မြန်မာလူငယ် အမျိုးသမီး ၂ ယောက်ပါဝင်လာပါတယ်။

ရွေးချယ်ခံရသူတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပြည်ထောင်စု ဒုတိယဝန်ကြီးဖြစ်သူ မအိသဥ္စာမောင်နဲ့ တက်ကြွလှုပ်ရှားသူ တယောက်ဖြစ်တဲ့ မအက်စတာဇီနောတို့ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့  စစ်တပ်က မတရား အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ ပထမဆုံး ဆန့်ကျင်ဆန္ဒပြတာကို ဦးဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရှမ်းနီတိုင်းရင်းသားလူငယ်တယောက်ဖြစ်တဲ့ မအိသဥ္စာမောင်ဟာ ကျောင်းသားလှုပ်ရှားမှုတွေမှာ ဆက်တိုက်ပါဝင်ခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူငယ်ခေါင်းဆောင်တယောက်ဖြစ်သလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိင်ခဲ့ သူ ပါတယ်။

ကချင်တိုင်းရင်းသား လူငယ်တယောက်ဖြစ်တဲ့ မအက်စတာဇီနောကတော့ စစ်ရှောင်လူငယ်တွေအတွက် စာကြည့်တိုက်တွေ လိုက်လုပ်ပေးတဲ့ လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှာလည်း ပါဝင်ပါတယ်။

ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အိုင်စီဂျေမှာ မြန်မာနိုင်ငံတရားစွဲခံရချိန် လူထောင်ပေါင်းများစွာ ရန်ကုန် မဟာဗန္ဓုလ ပန်းခြံရှေ့မှာစုရုံးပြီးကန့်ကွက်ဆန္ဒပြကြတုန်းက သူတို့နှစ်ယောက်ဦးဆောင်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ကြောင်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြပါတယ်။

PhotoCredit-TIME

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up