ထိုင်းတွင် ကမ္ဘာလှည့်ခရီးသည်များ သွားခွင့်ရဒေသအချို့ကို အောက်တိုဘာ ၁ ရက် ပြန်ဖွင့်မည်

ကိုဗစ်-၁၉ ကြောင့် ပိတ်ပင်ထားခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည်များ သွားလာခွင့်ရဒေသအချို့ကို လာမယ့်အောက်တိုဘာ ၁ ရက်နေ့ ပြန်ဖွင့်လှစ်မှာဖြစ်ပြီး ထိုင်းနိုင်ငံကမ္ဘာလှည့်ခရီးသွားလာရေး ဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။
အောက်တိုဘာလ ၁ ရက် နဲ့ ၁၅ ရက်နေ့တွေမှာ ကမ္ဘာလှည့်ခရီးသွားဒေသအချို့ကို ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ ပထမဆုံးအနေနဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ ဘန်ကောက်၊ ချွန်းပူးရီး၊ ဖစ်ချ်ပူရီ၊ ပရကျူတ်ခီရိခန် နဲ့ ချင်းမိုင်ခရိုင်ကို ဖွင့်လှစ်သွားမယ်လို့ ထိုင်းကမ္ဘာလှည့်ခရီး သွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး နိုင်းယုဒ်ထဆဒ် ဆူဖဆွန်က စက်တင်ဘာ ၁၅ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒုတိယဆင့်အနေနဲ့ အောက်တိုဘာ ၁၅ ရက်နေ့ကစ နောက်ထပ် ခရိုင်ပေါင်း ၂၁ ခုကို ဖွင့်လှစ်သွားဖို့ဖြစ်ပြီး အဲဒီထဲမှာ ထိုင်းမြောက်ပိုင်းက လမ်းပွန်း၊ ဖရဲ့၊ နန့်၊ မယ်ဟောင်ဆောင်၊ ချင်းရိုင်းခရိုင်၊ အရှေ့မြောက်ပိုင်းက ဥဒွန်းဌာနီ၊ နောင်ခဲ၊ ဘင်ကန်၊ ဥဘွန်းရာ့ချ်ဌာနီခရိုင်၊ အနောက်ပိုင်းက ကန်ကျနပူရီ နဲ့ ရာ့ချ်ပူရီခရိုင်၊ အရှေ့ပိုင်းက ရယောင်း၊ ကျန်ထပူရီ၊ တလတ်ခ ရိုင်၊ အလယ်ပိုင်းက အယုဒ္ဓယခရိုင်၊ တောင်ပိုင်းက ရနောင်း၊ တရန်း၊ ဆဒွန်း၊ ဆုန်ခလာ၊ နခွန်းဆီထမရတ် ခရိုင်တို့ ပါဝင်ပါတယ်။
ဝင်ရောက်လာမယ့်နိုင်ငံခြားသားတွေအနေနဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးထားပြီး၊ RT-PCR နဲ့ စစ်ဆေးတဲ့ ကိုဗစ်-၁၉ ကင်းစင်ကြောင်း အထောက်အထားပြရမှာဖြစ်ပြီး ကွာရန်တင်း (အသွားအလာကန့်သတ်စခန်း) ဝင်စရာမလိုဘူးလို့ ဆိုပါတယ်။
အဆိုပါအချက်တွေကို ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေ စီမံကွပ်ကဲရေးဗဟိုဌာနကို တင်ပြထား ပြီး ဗဟိုက အတည်ပြုမှသာ အသက်ဝင်မှာ ဖြစ်ပါတယ်။