ထိုင်းတွင် ကိုဗစ်ကြောင့် သေဆုံးသူများ၏ ၁၄ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေးတကြိမ် ထိုးနှံပြီး သူများဖြစ်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူတွေထဲက ၁၄ ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ဆေးတကြိမ်ထိုးနှံပြီးသူတွေဖြစ်တယ်လို့ ရောဂါထိန်းချုပ်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေးဌာနက ကာကွယ်ဆေးထိုးနှံပြီးသူတွေကို ဆက်လက် လေ့လာမှုအရ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၃,၆၃၇ ယောက်ထဲက ၁၄ ဒသမ ၄ ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ဆေးတကြိမ်ထိုးနှံပြီးသူတွေဖြစ်နေတာကို တွေ့ရှိခဲ့ရတာပါ။
သေဆုံးသူတွေထဲ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးသူ ၁၀၇ ယောက်နဲ့ ၀ ဒသမ ၈ ရာခိုင်နှုန်းရှိနေတာကိုတွေ့ရှိရပြီး ကျန်တဲ့ ၆၄ ဒသမ ၆ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်း မရှိသေးသူတွေဖြစ်တယ်လို့ စစ်တမ်းက ဆိုပါတယ်။
ထိုင်းနိုင်ငံတဝှမ်းမှာတော့ မတူညီတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုး ၂ ကြိမ်ထိုးနှံ ပေးနေခဲ့တာဖြစ်ပြီး ခုလက်ရှိထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေနဲ့ ဆက် စပ်မှုရှိမရှိဆိုတာကိုတော့ ဖော်ပြမထားပါဘူး။
ဒီစစ်တမ်းကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကနေ စက်တင်ဘာ ၉ ရက်နေ့အထိ အသက် ၆၀ အထက်သက်ကြီးရွယ်အိုတွေကို အဓိကထားလေ့လာမှုပြုလုပ်ခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ အခြေအနေစီမံကြီးကြပ်မှုစင်တာ(စီစီအက်စ်အေ)က ထုတ်ပြန်လိုက်တာပါ။
သေဆုံးသူတွေထဲက ၆၀ ရာခိုင်နှုန်းနဲ့အထက်ကတော့ ဘန်ကောက်ဒေသတဝိုက်ကဖြစ်ပြီး ၅ ရာခိုင်နှုန်းကတော့ တောင်ပိုင်းနယ်စပ်ခရိုင်တွေက ဖြစ်နေတာကို တွေ့ရှိရပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာတော့ လူဦးရေ ၂၇ သန်းကျော်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးဖြစ်ကာ ၁၂ သန်းကတော့ ၂ ကြိမ်ထိုးနှံပြီးသူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဘန်ကောက်အပါအဝင် ခရိုင် ၇ ခုမှာနေထိုင်ကြသူတွေရဲ့ ထက်ဝက်ကျော်ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး ၁ ကြိမ်ထိုးနှံပြီးသူတွေဖြစ်ကြတယ်လို့ သိရပါတယ်။ ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ဟာ ၁၄,၄၈၅ ယောက်ထိ ရှိလာခဲ့ပြီဖြစ်ကာ ရောဂါကူးစက်ခံရသူပေါင်း ၁၄ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။