ချန်ပီယံလိဂ်တွင် ပီအက်စ်ဂျီ ချန်ပီယံဖြစ်ရန် မလုံလောက်သေးကြောင်း မိုက်ကယ်အိုဝင်သုံးသပ်

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းစားခဲ့ပေမယ့် လက်ရှိခြေစွမ်းအရတော့ လုံလောက်မှုမရှိသေးကြောင်း အိုဝင်ကပြောပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်တွေကို BT Sport ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အိုဝင်ဟာ ပီအက်စ်ဂျီတိုက်စစ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ကလပ်ဘရုဂေးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ MNM လို့ ပြင်သစ်မီဒီယာတွေ အတိုကောက်ခေါက် ခေါ်ဆိုကြတဲ့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေ တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ကွင်းလယ်လူ ဟာရဲယားက ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ချေပဂိုးပြန်ပေးလိုက်ရပြီး ၁ ဂိုးစီ သရေကျခဲ့တာပါ။
မိုက်ကယ်အိုဝင်ကတော့ ပီအက်စ်ဂျီ အသင်းတိုက်စစ်မှာ အားနည်းမှုတွေရှိနေပြီး ဘာကြောင့်ရေးပန်းစားတဲ့ အသင်းဖြစ်နေတာလဲဆိုတာ နားမလည်ကြောင်း BT Sport မှာ သုံးသပ်ခဲ့တာပါ။
ပီအက်စ်ဂျီအသင်းထက် အင်္ဂလိပ်ကလပ်တွေက ပိုပြီး တောင့်တင်းမှုရှိကြောင်း အိုဝင်က ပြောပါတယ်။
အိုဝင်နဲ့အတူသုံးသပ်ခဲ့တဲ့ ဖာဒီနန်ကတော့ နာမည်ကြီး ကစားသမားတွေကို အကောင်းဆုံးတွဲဖက်နိုင်ဖို့လိုအပ်ပြီး ပီအက်စ်ဂျီအသင်းမှာ အဲဒီပြဿနာရှိနေတယ်လို့ ပြောပါတယ်။