ပီအက်စ်ဂျီနှင့်ပွဲဦးထွက်ပွဲစဉ် မက်ဆီကို ပြိုင်ဘက်ပရိသတ်များကပါ အားပေး

ပီအက်စ်ဂျီအသင်းအတွက် ပထမဆုံးပွဲစဉ် ကစားပေးခဲ့တဲ့ မက်ဆီကို ပြိုင်ဘက် ရမ်စ်အသင်းပရိသတ်တွေကပါ အော်ဟစ်အားပေးခဲ့ကြပါတယ်။
မက်ဆီဟာ လီဂူးဝမ်းပွဲစဉ် ၃ ပွဲစဉ်ဖြစ်တဲ့ အဲဒီပွဲစဉ်မှာ ပွဲထွက် ကစားသမားစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ပွဲချိန် ၆၆ မိနစ်မှာ လူစားဝင်ကစားခဲ့တာပါ။
နေမာ၊ အမ်ဘာပေနဲ့ ဒီမာရီယာ တိုက်စစ်အတွဲကို ပွဲထွက်ခဲ့တဲ့ နည်းပြပိုချက်တီနိုဟာ ၂ ဂိုး ဂိုးမရှိနဲ့ ဦး ဆောင်ပြီးနောက်မှာ နေမာကို ထုတ်ပြီး မက်ဆီနဲ့ လူစားလဲခဲ့တာ ဖြစ်ပါတယ်။
မက်ဆီ ဝင်လာတဲ့အချိန်ပါ ပြိုင်ဘက် ရမ်စ် အသင်းပရိသတ်တွေကပါ 'မက်ဆီ မက်ဆီ မက်ဆီ' ဆိုပြီး သံပြိုင်အော်ဟစ်ပြီး အားပေးခဲ့ကြပါတယ်။
ပွဲအပြီးမှာလည်း ရမ်စ်ပရိသတ်တစ်ဦးက အသင်းရဲ့ဗီနိုင်းပေါ်စတာပေါ်မှာ မက်ဆီကို လက်မှတ်ရေးထိုးဖို့တောင်းဆိုခဲ့ပြီး မက်ဆီက လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
အလားတူ ရမ့်စ် ဂိုးသမားရာကိုဗစ်ဟာလည်း ၃-၄ နှစ်အရွယ် သားဖြစ်သူကို ကွင်းထဲခေါ်ပြီး မက်ဆီနဲ့ တွဲဖက်ဓာတ်ပုံရိုက်ပေးခဲ့ပါသေးတယ်။
မက်ဆီဟာ လူစားဝင်ကစားခဲ့တဲ့ ပွဲချိန် ၃၄ မိနစ် ခန့်အတွင်းမှာ ဂိုးပေါက်ကန်သွင်းမှု မပြုလုပ်နိုင်ခဲ့ပေမယ့် ဘောလုံးပေးပို့မှုနဲ့ ဆွဲယူပြေးမှုတချို့ လုပ်ဆောင်ပြီး ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။