close

တန့်ဆည်မြို့နယ်က စစ်ကောင်စီသတင်းပေး မိသားစုဝင် ၅ ဦး အပြန်အလှန်ပစ်ခတ်ပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လိပ်ခြံကျေးရွာ မြောက်ဘက် ၅ မိုင်ခန့်အကွာက ချေးချောင်း (ရွှေတော) မှာ စက်တင်ဘာ ၁၉ ရက် ညနေ ၆ နာရီလောက်က ကာပေါင်းကျကျေးရွာ ဖြစ်စဉ်မှာ စစ်ကောင်စီသတင်းပေးတယ်လို့ယူဆရတဲ့မိသားစုကို  အဖွဲ့အစည်းတခုက လာရောက်ပစ်ခတ်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး မိသားစုဝင်  ၅ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အသတ်ခံရသူတွေဟာ ကာပေါင်းကျဇာတိ ဦးဆန်းဝင်းရဲ့မိသားစုတွေလို့သိရပြီး ယောက်ျားလေး ၄ ယောက်နဲ့ မိန်းခလေး တစ်ယောက်ဖြစ်ကာ အသက် အငယ်ဆုံးက အသက် ၂၀  လောက်ရှိတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ကာပေါင်းကျက ဒလန် ညွှန့်ခင်ရဲ့တပည့်တွေလို့သိရတယ်။ စစ်တပ်ကို သတင်းပေးနေသူတွေပေါ့ဗျာ။ ကာပေါင်းကျ ညွှန့်ခင် ဆိုပြီး တန့်ဆည်မြို့နယ်မှာတော့ နာမည်ကြီးဒလန်ပါ၊ အဲဒီနယ်တဝိုက်မှာ ပျူစောထီးခေါင်းဆောင်လည်း ဖြစ်တယ်၊ ကာပေါင်းကျ စစ်တပ်ဝင်စီးတဲ့ကိစ္စမှာ သူတို့စနက် မကင်းဘူးလို့ပြောကြတယ်၊ ဒါကြောင့် အသတ်ခံရတာဖြစ်နိုင်တယ်” လို့  ပြောပါတယ်။

စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှာ ဩဂုတ်လကုန်ပိုင်းက  စစ်တပ်က အင်အားအလုံးအရင်းအရင်းနဲ့ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့လို့ ရွာသားတွေ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ 

တန့်ဆည်မြို့နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း  ဒလန်လင်မယားနှစ်ယောက် သေနတ်နဲ့ပစ်ခတ်ခံရလို့ ယောက်ျားဖြစ်သူ သေဆုံးခဲ့ကာ ဇနီးဖြစ်သူကတော့ အပြင်းအထန် ဒဏ်ရာနဲ့ ဆေးရုံတင်ထားခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up