ဩစတြေးလျတွင် ရစ်ချ်စတာစကေး ၆ အဆင့်ရှိ အင်အားကြီး ငလျင်လှုပ်

သြစတြေးလျနိုင်ငံရဲ့ မှတ်တမ်းတင်ထားသမျှ သမိုင်းမှာ အကြီးဆုံးဖြစ်တဲ့ အင်အား ရစ်ချ်စတာ စကေး ၆ ရှိတဲ့ ငလျင်တခု မဲလ်ဘုန်းမြို့နားမှာ စက်တင်ဘာ ၂၂ ရက်က လှုပ်ခတ်သွားပါတယ်။
အမေရိကန်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ သြစတြေးလျ ဝန်ကြီးချုပ် စကော့တ် မော်ရစ်ဆင်က “ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရသူ အစီရင်ခံတာ မရှိဘူး၊ ဒါကိုက အင်မတန် ကောင်းတဲ့သတင်းပဲ” လို့ ပြောပါတယ်။
ငလျင်ကြောင့် နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့မှာ အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး အိမ်နီးချင်း ပြည်နယ်တွေမှာလည်း မြေပြင် တုန်ခါမှုတွေကို ခံစားခဲ့ကြရပါတယ်။
ငလျင်ဟာ ဗစ်တိုးရီးယားပြည်နယ်၊ မန်းစ်ဖီးလ်ဒ် ကျေးလက်မြို့နား မြေအောက် ၆ မိုင်အနက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။
ဒီမြို့ဟာ မဲလ်ဘုန်းမြို့ အရှေ့မြောက်ဘက် ၁၂၄ မိုင် အကွာမှာ ရှိပါတယ်။ ငလျင်အပြီး မြေပြင် တုန်ခါမှုဟာ ရစ်ချ်စတာ စကေး ၄ အထိ ရှိခဲ့တာပါ။
သြစတြေးလျနိုင်ငံရဲ့ လူနေထူထပ်တဲ့ အရှေ့ဘက်ခြမ်းဟာ အင်ဒို-သြစတြေးလျ ကျောက်လွှာပြင်ကြီးရဲ့ အလယ်မှာရှိလို့ ငလျင်လှုပ်ဖို့ တော်တော်လေး မဖြစ်နိုင်တဲ့ အနေအထားပဲလို့ ဘူမိသိပ္ပံ သြစတြေးလျဌာနက ပြောပါတယ်။
သြစတြေးလျနိုင်ငံ နယူးကတ်စ်တယ်မြို့မှာ ၁၉၈၉ ခုနှစ်က အင်အား ရစ်ချ်စတာ စကေး ၅ ဒသမ ၆ ရှိတဲ့ ငလျင်လှုပ်ခဲ့လို့ လူ ၁၃ ယောက် သေဆုံးခဲ့ဖူးပါတယ်။