အိန္ဒိယ-ဩစတြေးလျ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများ နယူးဒေလီတွင် တွေ့ဆုံ

အိန္ဒိယနဲ့ သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ အိန္ဒိယမြို့တော် နယူးဒေလီမှာ စက်တင်ဘာ ၁၁ ရက်က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး အားဖြည့်ဖို့ ဆွေးနွေးခဲ့ပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိစ်ပိန်းနဲ့ ကာကွယ်ရေးဝန်ကြီး ပီတာဒတ်တွန်တို့ဟာ နယူးဒေလီကို စက်တင်ဘာ ၁၀ ရက်က ရောက်လာတာပါ။
ကာကွယ်ရေးနဲ့ ဗျူဟာမြောက် အပြန်အလှန် ဆက်ဆံရေး ကျစ်လျစ်အောင်လုပ်ရေး ဝန်ကြီးအဆင့် အစည်းအဝေးကို တက်ဖို့ ရောက်လာတာပါ။
သူတို့ဟာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နာ့သ်ဆင်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယံ ဂျိုင်ရှန်ကာတို့နဲ့ တွေ့ဆုံဆွေးနွေးပါတယ်။
“သြစတြေးလျနဲ့ အိန္ဒိယတို့ဟာ ဘယ်တုန်းကမှ ဒီထက်ပိုပြီးနီးကပ်တဲ့ မိတ်ဖက် မဖြစ်ဖူးသေးဘူးလို့ ပြောရင် မျှတမယ်လို့ ကျနော် ထင်တယ်”လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အိန္ဒိယ၊ သြစတြေးလျ၊ အမေရိကန်နဲ့ ဂျပန်တို့ဟာ ကွက်ဒ်အဖွဲ့ဝင်နိုင်ငံတွေပါ။ အင်ဒိုပစိဖိတ် ဒေသအတွင်း တရုတ်ရဲ့ စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှု တိုးလာတာကို ထိန်းဖို့ ကာကွယ်ရေးတံတိုင်း အလားအလာအတွက် ပိုတိုးလုပ်ဆောင်နေတယ်လို့ သံတမန်တွေက ပြောပါတယ်။
သြစတြးလျ ဝန်ကြီး ၂ ယောက်ဟာ စက်တင်ဘာ ၁၁ ရက်က အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာမိုဒီနဲ့ တွေ့ဆုံခဲ့ပါတယ်။