ဗြိတိန်တွင် လောင်စာဆီမလုံလောက်မှုပြဿနာကြောင့် ဝေပုံကျစနစ်ဖြင့်ရောင်း

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ ဓာတ်ဆီဆိုင်တချို့မှာ စက်တင်ဘာ ၂၆ ရက်ကစပြီး လောင်စာဆီကို ဝေပုံကျနဲ့ ပေးတဲ့စနစ်ကျင့်သုံးပြီး နိုင်ငံအတွင်း လောင်စာဆီ မလုံလောက်မှု တိုးလာတာကို ဟန့်တားဖို့ ကြိုးစားနေပါတယ်။
ဝန်ကြီးတွေကတော့ ခုလိုဖြစ်ရတာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ခဲ့တဲ့ အကျိုးဆက်ကြောင့်လို့ ဆိုပါတယ်။
လန်ဒန်အနောက်ပိုင်း တွစ်ကန်ဟမ်မြို့နယ်က ဓာတ်ဆီဆိုင်မှာ ကားတစီးကို လောင်စာဆီ စတာလင်ပေါင် ၃၀ ဖိုးပဲ ရောင်းပေးလို့ ဒါဇင်နဲ့ချီတဲ့ ယာဉ်မောင်းတွေ ဆီဖြည့်ဖို့ တန်းစီ စောင့်ဆိုင်း နေရပါတယ်။
မြို့တော်က ဓာတ်ဆီဆိုင် အများအပြားကိုတော့ ပိတ်ထားရဆဲပါ။ လောင်စာတင်ယာဉ် မောင်းသူတွေ မရှိလို့ လောင်စာ ပံ့ပိုးဖို့ မလုံလောက်ဘဲ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ချဲလ်ဆီးရပ်ကွက်ထဲက ဆီဆိုင်မှာ ဆီဖြည့်ဖို့ စောင့်နေတာ ၁ နာရီကျော် ရှိပြီဖြစ်ပြီး ရှေ့မှာ စောင့်နေသူ အယောက် ၅၀ ကျော်တယ်လို့ လူတယောက်က ပြောပါတယ်။
လောင်စာပြဿနာကြောင့် စားနပ်ရိက္ခာ ဖြန့်ဖြူးရေးပါ ထိခိုက်လာတဲ့အတွက် ကုန်စည်ပံ့ပိုးမှု ကွင်းဆက်ဖိအားကို ဖြေရှင်းဖို့ နိုင်ငံခြား ယာဉ်မောင်းတွေကို အထူးပြည်ဝင်ခွင့် ထုတ်ပေးတဲ့ နည်းလမ်းအပါအဝင် လုပ်ဆောင်ချက်အတော်များများကို ဆောင်ရွက်နေတယ်လို့ ဗြိတိန်အစိုးရက ကြေညာပါတယ်။