မြောက်ကိုရီးယားက ဒုံးကျည် ထပ်မံစမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားဟာ စက်တင်ဘာ ၂၈ ရက်က နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို အမျိုးအမည် မဖော်ထုတ်တဲ့ ဒုံးကျည်တစင်း ထပ်မံ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
ဒါဟာ ရထားလမ်းပေါ်ကနေ ဒုံးကျည်ပစ်လွှတ်တဲ့ စနစ်သစ်ကို စမ်းသပ်ပြီး သီတင်းပတ် ၂ ပတ် မပြည့်ခင် ထပ်ပြီး စမ်းသပ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်တွေကို ရှင်းလင်းခဲ့ခြင်း မရှိပါဘူး။
အမေရိကန်က မြောက်ကိုရီးယား အစိုးရအပေါ် ရန်လိုတဲ့ မူဝါဒကို စွန့်လွှတ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်က စက်တင်ဘာ ၂၇ ရက်မှာ ဆော်သြအပြီး ခုလို ပစ်လွှတ်ခဲ့တာပါ။
မြောက်ကိုရီးယားမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ လက်နက်စမ်းသပ်ဖို့ အခွင့်အရေး ရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူးလို့ သူက ပြောခဲ့ပါတယ်။
ဂျပန်အာဏာပိုင်တွေဟာ မြောက်ကိုရီးယားကို ပိုပြီး တပ်လှန့်စောင့်ကြည့်တာတွေ အဆင့်မြှင့်ထားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိဒဲ စုငါ့က စက်တင်ဘာ ၂၈ ရက်မှာ ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားက ပစ်ခတ်စမ်းသပ်တာဟာ ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်ပြီး အခြေအနေကို အာဏာပိုင်တွေက အကဲဖြတ် သုံးသပ်နေဆဲပဲလို့လည်း သူက ဆက်ပြောပါတယ်။
မြောက်ကိုရီးယားက ပစ်လွှတ်တဲ့ ဒုံးကျည်ဟာ ဂျပန်ပင်လယ်ရေပိုင်နက်ရဲ့ သီးသန့် စီးပွားရေးဇုန် (EEZ) ထဲကို ကျရောက်မှု ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ ဒါပေမယ့် ကျရောက်နိုင်ချေကတော့ နည်းတယ်လို့ အစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး ဂျပန်အခြေစိုက် ချိချိ သတင်းမှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၅ ရက်က မြောက်ကိုရီးယားဟာ မီးရထားပေါ်ကနေ ဒုံးကျည်စနစ်သစ်ကို ပစ်လွှတ် စမ်းသပ်ခဲ့ပါတယ်။