ဆိုင်ဘာလုံခြုံရေးကုမ္ပဏီအရာရှိချုပ်ကို သစ္စာဖောက်မှုဖြင့် ရုရှားအစိုးရ ထိန်းသိမ်း

ရုရှားအစိုးရဟာ ဆိုင်ဘာလုံခြုံရေး ထိပ်တန်း ကုမ္ပဏီအုပ်စုကြီး IB ရဲ့ အမှုဆောင် အရာရှိချုပ် အီလီယာ ဆက်ချ်ကော့ဗ်ကို နိုင်ငံတော် သစ္စာဖောက်မှု သံသယနဲ့ ဖမ်းခဲ့ပြီး တရားရုံးမှာ စစ်ဆေးဖို့ ၂ လကြာ ထိန်းသိမ်းထားမယ်လို့ မော်စကိုမြို့တော် တရားရုံးက စက်တင်ဘာ ၂၉ ရက်က ပြောပါတယ်။
သူကတော့ စွဲချက်အားလုံးကို ငြင်းထားတယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ရုရှားအခြေစိုက် တက်စ်သတင်းဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
IB ကုမ္ပဏီ လုပ်ငန်းစုရဲ့ မော်စကို ရုံးတွေကို ရုရှားဥပဒေရေးရာ အရာရှိတွေက အင်္ဂါနေ့မှာ ရှာဖွေခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
အမှုဆောင် အရာရှိချုပ်ကို ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုပေမဲ့ ချက်ချင်း မတုံ့ပြန်သေးပါဘူး။
IB အုပ်စုဟာ ရုရှားရဲ့ အထင်ရှားဆုံး ဆိုင်ဘာလုံခြုံရေး လုပ်ငန်းတွေထဲက တခုပါ။
အဆင့်မြင့် နည်းပညာဆိုင်ရာ ရာဇဝတ်မှုတွေ၊ အွန်လိုင်း လိမ်လည်မှုတွေကို စုံစမ်းစစ်ဆေးပြီး ဘဏ်တွေ၊ စွမ်းအင်ကုမ္ပဏီတွေ၊ တယ်လီကွန် လုပ်ငန်းတွေနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့တို့ အပါအဝင် တကမ္ဘာလုံးက ဖောက်သည်တွေရဲ့ အခြေစိုက်ကုမ္ပဏီလည်း ဖြစ်ပါတယ်။