close

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ခေါင်းကွဲကျေးရွာနဲ့ ဆယ်ရွာကျေးရွာကြားမှာ အောက်တိုဘာ ၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်‌ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး ကျေးရွာတွေဆီ လာတဲ့ လမ်းကြောင်းကို မြောင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်မတော် PDF  နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြောင် PDF တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။

“အသေအပျောက်ကတော့ များနိုင်တယ်။ ၃ ဦး လေပေါ်မြောက်တက်သွားတယ်။ အနီးက  ကောင်တွေလည်း အတုံးအရုံးပဲဗျ။ ကျနော်တို့ ခန့်မှန်းရမယ်ဆိုရင် အနည်းဆုံး ၁၀ ဦးထက်မနည်း ကျနိုင်တယ်၊ အများဆုံး ၁၅ ယောက် ကျဆုံးမယ် ခန့်မှန်းတယ်။”

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်သားတွေ သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက ကျေးရွာတွေအတွင်း နယ်မြေရှင်းလင်းရေး အကြောင်းပြုပြီး ကျေးရွာတွေအတွင်းက အပြစ်မဲ့ပြည်သူတွေရဲ့ အဖိုးတန်ရွှေငွေနဲ့ ပစ္စည်းတွေကို အဓမ္မယူဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မြောင်မြို့ပေါ်ရဲစခန်းက ဒုရဲအုပ်အဆင့်ရှိသူတဦးကလည်း အပြစ်မဲ့ပြည်သူတွေဆီကနေ အတင်းအကျပ်ငွေကြေးကောက်ခံ‌တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up