close

ကျောက်မဲမြို့ မန်ခါဘုန်းကြီးကျောင်းကို စစ်ရှောင်များထပ်ရောက်၊ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က မန်ခါဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ရှောင်စခန်းကို အောက်တိုဘာ ၄ ရက်နေ့က စစ်ဘေးရှောင် ပြည်သူ အယောက် ၂၀ ထပ်မံရောက်ရှိလာပြီး စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူတစ်ဦးက “စစ်ရှောင်တွေအ​ယောက် ၂၀ ထပ်ရောက်တယ်။ ဆန်၊ ဆီ၊ ဟင်းချိုမှုန့်၊ ဟင်းသီး ဟင်းရွက်တွေ ကုန်ခါနီးပြီ၊ နောက်ထပ်ရောက်လာတော့ အစားအသောက် အတော်လေး ခက်ခဲတယ် " လို့ ပြောပါတယ်။

ကျောက်မဲမန်ခါဘုန်းကြီးကျောင်းကို ပန်ဟုန်းရွာနဲ့ လွယ်ကုန်ရွာက ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြတာဖြစ်ပြီး တိုက်ပွဲအခြေအနေ မငြိမ်သေးတာကြောင့် နေရပ်ပြန်မရသေးဘူးလို့ သိရပါတယ်။

"နေတာက ဘုန်းကြီးကျောင်းမှာနေရတော့ နေစရာက အခက်ခဲမရှိဘူး၊ ကျန်းမာရေးတွေ လည်း ကောင်းကြတယ်၊ တိုက်ပွဲကမငြိမ်သေးတော့ ပြန်လို့မရသေးဘူး၊ လူကများလာတော့ စားနပ်ရိက္ခာ အခက်အခဲပဲရှိတယ်။ သယ်ယူရေးကလည်း လွယ်ကူပါတယ်” လို့ စစ်ဘေးရှောင်က ဆိုပါတယ်။

အဆိုပါရွာအနီးမှာ တိုက်ပွဲဖြစ်နေတာ တစ်လကျော်ကြာပြီဖြစ်ပြီး စစ်ရှောင်တွေဟာ လွယ်ကုန်ရွာက ပြည်သူတွေများပြီး ကျား ၈၉ ဦး မ ၁၂၅ ဦးရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) + တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်တို့ကြား နယ်မြေစိုးမိုးရေးပြဿနာကြောင့် တိုက်ပွဲဖြစ်ပွားနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up