ပုံမှန်အခြေအနေပြန်ဖြစ်ရန် ၆ လခန့်အချိန်ယူရမည်ဟု စင်ကာပူဝန်ကြီးချုပ် ပြော

စင်ကာပူဟာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှာ ကန့်သတ်ချက်တွေဖြေလျှော့ပေးပြီး လူတွေလည်း သူတို့ရဲ့ အရင်လုပ်ရိုးလုပ်စဉ်တွေကို ပြန်လုပ်ဖို့ ပုံမှန်အခြေအနေသစ်ကို ရောက်ဖို့ ၆ လလောက် အချိန်ယူရလိမ့်မယ်လို့ ဝန်ကြီးချုပ်လီရှန်လွန်းက အောက်တိုဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။
မနှစ်ကတည်းက စင်ကာပူကျွန်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကို နှာခေါင်းစည်းတွေတပ်တာ၊ ထိတွေ့မိသူတွေကို ခြေရာခံတာနဲ့ နယ်စပ်ပိတ်ချထားတွေ လုပ်ထားပြီး ရောဂါမပြန့်အောင် ကန့်သတ်တင်းကျပ်ထားတာပါ။
လူဦးရေ ၅ ဒသမ ၄၅ သန်းရှိတဲ့ စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရသူ နေ့စဉ် ၃,၀၀၀ ကျော် ရှိကြောင်း သတင်းတွေထုတ်ပြန်ထားပေမဲ့ အများစုဟာ ရောဂါလက္ခဏာ မပြသလို ရောဂါအပျော့စား ဖြစ်ပါတယ်။
ဝန်ကြီးချုပ်လီရှန်လွန်းက “လူဦးရေရဲ့ ၈၃ ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ဆေးအပြည့်အဝ ထိုးထားပြီး ဖြစ်ပါတယ်။ အခု ကူးစက်လှိုင်းတွေ ငြိမ်သွားပြီးရင် နောက်ထပ် မျိုးကွဲအသစ်တွေ ထပ်ဖြစ်လာတဲ့အခါ နောက်ထပ်လှိုင်းတွေ ထပ်မြင့်လာဦးမှာပဲ”လို့ ပြောပါတယ်။
ကူးစက်မှုတွေ အရမ်းမြန်မြန်ထပ်ဖြစ်လာရင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ကျန်းမာရေး ၀န်ထမ်းတွေကို ကာကွယ်ဖို့ ဆက်လက်လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။
စင်ကာပူဟာ မကြာသေးခင်ကပဲ ကိုရိုနာဗိုင်းရပ်စ်အတွက် ကန့်သတ်ချက်တွေကို ပြန်လည် ပြင်ဆင်ခဲ့ပြီး ရောဂါနဲ့အတူ ယှဉ်တွဲနေထိုင်ဖို့ အချိန်ယူ ပြင်ဆင်ထားပါတယ်။
အစိုးရဟာ ဆေးရုံတွေကို ပြန်လည်ဖွင့်လှစ်ဖို့နဲ့ လူနာတွေ ပြည့်လျှံပုံအောရောက်ရှိခြင်းတွေကနေ ကာကွယ်ဖို့ ဆောင်ရွက်ရာမှာ ရှားရှားပါးပါး အလိုမကျစရာတွေနဲ့လည်း တွေ့ခဲ့ရပါတယ်။
ဒီနေ့သတင်းစာရှင်းလင်းပွဲမှာတော့ တခြားနိုင်ငံတွေက ကာကွယ်ဆေးထိုးထားတဲ့ ခရီးသွားတွေကို Quarantine-free ပြည်၀င်ခွင့်ကို တိုးချဲ့ပေးမှာဖြစ်ပြီး ကာကွယ်ဆေး မထိုးရသေးသူတွေအတွက် ကန့်သတ်ချက်တွေကို ပိုတင်းကျပ်သွားမယ်လို့ အစိုးရက ပြောပါတယ်။