close

ကိုဗစ်-၁၉ ကန့်သတ်ချက်

close

March 23, 2022

ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက် ဖယ်ရှား

ဂျပန်မြို့တော် တိုကျိုနဲ့ တခြား ခရိုင် ၁၇ ခုမှာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေ ဖယ်ရှားလိုက်တဲ့အတွက် ဂျပန်နိုင်ငံသားတွေ မတ်လ ၂၂ ရက်က ကြိုဆိုခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ အိုမီခရွန် ဗီဇမျိုးကွဲကြောင့်ဖြစ်တဲ့ ကူးစက်လှိုင်းတွေ လျော့ပါးသွားလို့ ကန့်သတ်ချက်တွေ ပယ်ဖျက်လိုက်တာပါ။

ပယ်ဖျက်လိုက်တဲ့ ကန့်သတ်ချက်တွေထဲမှာ ဂျပန်နိုင်ငံ ခရိုင် ၄၇ ခုထဲက ခရိုင် ၁၈ ခုမှာ စားသောက်ဆိုင်နဲ့ တခြားစီးပွားရေးလုပ်ငန်းတွေအတွက် ကန့်သတ်ထားတဲ့ ဆိုင်ဖွင့်ချိန်တွေ အပါအဝင် အရေးပေါ်အခြေအနေ ကြေညာချက်အရ ကန့်သတ်ချက်တွေလည်း အကျုံးဝင်ပါတယ်။

အခုလို တားမြစ်ပိတ်ပင်ချက် ဖြေလျှော့ဖို့ အစိုးရက အရင်အပတ်က ဆုံးဖြတ်ချက် ချလိုက်တာပါ။

စားသောက်ဆိုင်တွေကို စောပိတ်ဖို့၊ ဧည့်သည်နည်းနည်းသာ လက်ခံဖို့နဲ့ အရက် ယမကာတွေ ဆိုင်ထိုင်သောက်ခွင့်ပိတ်တဲ့ ကန့်သတ်ချက်တွေ မရှိတော့ပါဘူး။

ဖေဖော်ဝါရီလတုန်းက ဂျပန်နိုင်ငံတလွှားနဲ့ မြို့တော် တိုကျိုမှာ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်လို့ ကူးစက်နှုန်း စံချိန်တင်ခဲ့ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကပ်ဘေးအတွင်း လူအသေအပျောက် အများဆုံး ကူးစက်မှုလှိုင်း ဖြစ်ခဲ့ပါတယ်။

မတ်လ ၂၁ ရက် တရက်တည်းမှာ တိုကျိုမြို့တော်အတွင်း ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံ ဦးရေ ၆,၅၀၂ ယောက် ရှိထားပါတယ်။

14 mins Ago

October 9, 2021

ပုံမှန်အခြေအနေပြန်ဖြစ်ရန် ၆ လခန့်အချိန်ယူရမည်ဟု စင်ကာပူဝန်ကြီးချုပ် ပြော

စင်ကာပူဟာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှာ ကန့်သတ်ချက်တွေဖြေလျှော့ပေးပြီး လူတွေလည်း သူတို့ရဲ့ အရင်လုပ်ရိုးလုပ်စဉ်တွေကို ပြန်လုပ်ဖို့ ပုံမှန်အခြေအနေသစ်ကို ရောက်ဖို့ ၆ လလောက် အချိန်ယူရလိမ့်မယ်လို့ ဝန်ကြီးချုပ်လီရှန်လွန်းက အောက်တိုဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။ 

မနှစ်ကတည်းက စင်ကာပူကျွန်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကို  နှာခေါင်းစည်းတွေတပ်တာ၊ ထိတွေ့မိသူတွေကို ခြေရာခံတာနဲ့ နယ်စပ်ပိတ်ချထားတွေ လုပ်ထားပြီး ရောဂါမပြန့်အောင် ကန့်သတ်တင်းကျပ်ထားတာပါ။ 

လူဦးရေ ၅ ဒသမ ၄၅ သန်းရှိတဲ့ စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရသူ နေ့စဉ် ၃,၀၀၀ ကျော် ရှိကြောင်း သတင်းတွေထုတ်ပြန်ထားပေမဲ့ အများစုဟာ ရောဂါလက္ခဏာ မပြသလို ရောဂါအပျော့စား ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်လီရှန်လွန်းက “လူဦးရေရဲ့ ၈၃ ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ဆေးအပြည့်အဝ ထိုးထားပြီး ဖြစ်ပါတယ်။ အခု ကူးစက်လှိုင်းတွေ ငြိမ်သွားပြီးရင် နောက်ထပ် မျိုးကွဲအသစ်တွေ ထပ်ဖြစ်လာတဲ့အခါ နောက်ထပ်လှိုင်းတွေ ထပ်မြင့်လာဦးမှာပဲ”လို့  ပြောပါတယ်။

ကူးစက်မှုတွေ အရမ်းမြန်မြန်ထပ်ဖြစ်လာရင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ကျန်းမာရေး ၀န်ထမ်းတွေကို ကာကွယ်ဖို့ ဆက်လက်လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။

စင်ကာပူဟာ မကြာသေးခင်ကပဲ ကိုရိုနာဗိုင်းရပ်စ်အတွက် ကန့်သတ်ချက်တွေကို ပြန်လည် ပြင်ဆင်ခဲ့ပြီး ရောဂါနဲ့အတူ ယှဉ်တွဲနေထိုင်ဖို့ အချိန်ယူ ပြင်ဆင်ထားပါတယ်။ 

အစိုးရဟာ ဆေးရုံတွေကို ပြန်လည်ဖွင့်လှစ်ဖို့နဲ့ လူနာတွေ ပြည့်လျှံပုံအောရောက်ရှိခြင်းတွေကနေ ကာကွယ်ဖို့ ဆောင်ရွက်ရာမှာ ရှားရှားပါးပါး အလိုမကျစရာတွေနဲ့လည်း တွေ့ခဲ့ရပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာတော့ တခြားနိုင်ငံတွေက ကာကွယ်ဆေးထိုးထားတဲ့ ခရီးသွားတွေကို Quarantine-free ပြည်၀င်ခွင့်ကို တိုးချဲ့ပေးမှာဖြစ်ပြီး ကာကွယ်ဆေး မထိုးရသေးသူတွေအတွက် ကန့်သတ်ချက်တွေကို ပိုတင်းကျပ်သွားမယ်လို့ အစိုးရက ပြောပါတယ်။

5 months Ago
Up