close

နာမည်ကြီး ခြေလေးချောင်းရုပ်ရှင် ဟာဝိုင်ယီရုပ်ရှင်ပွဲတော်တွင် ပြသရန် ထပ်မံရွေးချယ်ခံရ(နမူနာ)

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေ အတော်များများမှာ ပြသဖို့ ရွေးချယ်ခံခဲ့ရတဲ့ နာမည်ကြီး ခြေလေးချောင်းရုပ်ရှင်ကား(Money Has Four Legs)ကို အမေရိကန်နိုင်ငံမှာ လာမယ့် နိုဝင်ဘာလအတွင်းကျင်းပသွားမယ့် ဟာဝိုင်ယီရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ထပ်မံပြီးတော့ ရွေး ချယ်ခံထားရပါတယ်။

လူငယ်ဒါရိုက်တာ မောင်ဆန်းက ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ဒါရိုက်တာ အကယ်ဒမီ  မောင်ဝဏ္ဏရဲ့ မျိုးဆက်ဖြစ်တဲ့၊ ဓာတ်ခဲရုပ်ရှင်ဇာတ်ကားနဲ့ လူတိုင်း ကြိုက်နှစ်သက်ခဲ့တဲ့ ဥက္ကာက ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

ဒီကားကတော့ ရုပ်ရှင်ရိုက်ဖို့ ကြိုးစားနေသော ရုပ်ရှင်သမားတစ်ယောက်အကြောင်းကို ဖန်တီးပုံဖော်ထားတာဖြစ်ပြီး ရုပ်ရှင်ရိုက်ရာမှာ ကျော်လွှားရမယ့် အခက်အခဲတွေရဲ့ ကြမ်းတမ်းတဲ့ သရုပ်မှန်ကို သရော် ထားတဲ့ ဒါရိုက်တာရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်း ဖြစ်ပါတယ်။

ခြေလေးချောင်း ရုပ်ရှင်ကိုတော့ နာမည်ကြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ ဘူဆန် နိုင်ငံတကာရုပ်ရှင်ပွဲတော်၊ နယူးယောက်အာရှရုပ်ရှင်ပွဲတော်၊ လိုကာနိုရုပ်ရှင်ပွဲတော်စတဲ့ ရုပ်ရှင်ပွဲတော်တွေ အတော်များများမှာ ပါဝင်ပြသဖို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ မြန်မာရုပ်ရှင်ကားတကား အနေနဲ့ အောင်မြင်မှုတွေ ရရှိနေချိန်မှာပဲ ဒီကားကို ထုတ်လုပ်သူအနေနဲ့ရော ပူးတွဲဇာတ်ညွှန်းရေးသားခဲ့သူတယောက်အနေနဲ့ပါ ပါဝင်ခဲ့တဲ့ ရုပ်ရှင်ဖန်တီးသူ မအိမ့်ကတော့ ထောင်ထဲမှာထိန်းသိမ်းခံထားရပါတယ်။

မအိမ့်ကို အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့ကတည်းက ရန်ကုန်မြို့ နေအိမ်မှ ထွက်လာတဲ့အချိန် ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ၄ လအကြာ ဒီကနေ့အချိန်ထိ ဖမ်း ဆီးခံရတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။

ရွှေပြည်သာစစ်ကြောရေးမှာ စစ်ဆေးမေးမြန်းခံရတဲ့ ကာလအတွင်း မအိမ့်ဟာ ခြေ ချောင်းတွေ ကျိုးတဲ့အထိ နှိပ်စက်ခံရကြောင်း သတင်းရင်းမြစ်တွေကတဆင့် သိရပြီး လတ်တလောမှာတော့ သူဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရုပ်ရှင်အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ ဘာလင်ရုပ်ရှင်ပွဲတော်၊ ကိန်းရုပ်ရှင်ပွဲတော်၊ လိုကာနိုရုပ်ရှင်ပွဲတော်၊ ရော ဗင်းနစ်ရုပ်ရှင်ပွဲတော်နဲ့ ဥရောပဒါရိုက်တာအဖွဲ့အစည်း (FERA)တို့အပါအဝင် နိုင်ငံတကာ ရုပ်ရှင်အဖွဲ့အစည်းပေါင်း ၂ဝ ကျော်ကလည်း အမြန်ဆုံး ပြန်လွှတ်ပေးရေး လက်မှတ်ရေး ထိုး တောင်းဆိုနေကြပါတယ်။

ရုပ်ရှင်နမူနာ ကြည့်ရန်-

https://www.facebook.com/4legsfilm/videos/795224891020671/

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up