close

မုံးကိုးဒေသတွင် စစ်ကောင်စီတပ်နှင့် MNDAA တို့ နေရာအနှံ့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်၊ မုံးကိုးဒေသဘက်ကို စစ်ကောင်စီတပ်တွေ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးကာ  အင်းအားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့်‌ နယ်မြေခံ MNDAA ကိုးကန့်တပ်တွေနဲ့ အောက်တိုဘာလဆန်းပိုင်းက စတင်ကာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၉ ရက် မနက် ၈ နာရီလောက်က မုံးကိုးမြို့မှ ပန်ဆေးဘက်ကို စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ MNDAA တပ်မဟာ (၅)လက်အောက်ခံ အဖွဲ့ခွဲငယ်တို့တိုက်ပွဲ ၁၅ မိနစ်လောက်ဖြစ်ပြီး စစ်ကောင်စီတပ်တွေ မုံးကိုးကို ပြန်ဆုတ်သွားတယ် လို့ဆိုပါတယ်။ 

တဆက်တည်းမှာပဲ မနက် ၈ နာရီခွဲလောက်မှာ  စစ်ကောင်စီတပ်နဲ့ MNDAA တပ်မဟာ (၂၁၁) တို့ လားရှိုးမြို့နဲ့ သိန်းနီမြို့ အကြား ၁၄ မိုင်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကား(၁)စီးပျက်စီးသွားပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ တနေကုန်နီးပါး စစ်ကောင်စီတပ်တွေက ပန်ဆေးဒေသ လက်ဝါးကပ်တိုင်တောင်ရှိ MNDAA တပ်ဖွဲ့ရဲ့ ကာကင်းစခန်းကို (၆၀) မမ၊ (၈၁) မမ၊ (၁၀၀)မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ခြေလျင်ထိုးစစ်တော့ တက်မထိုးခဲ့ဘူးလို့ ကိုးကန့်သတင်းမှာရေးပါတယ်။

အောက်တိုဘာ ၇ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ (၅၁၇) တပ်ရင်းမှ တပ်သားတွေနဲ့ MNDAA တပ်မဟာ (၅၁၁) လက်အောက်ခံတပ်ဖွဲ့ခွဲတွေ  မုန်းဟုန်မှ ရှင်းကိုင်ကြားဒေသမှာ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါနေ့ ညနေ ၅ နာရီ ၄၅ မိနစ်မှာလည်း ကြူကုတ် (ပန်ဆိုင်း)မြို့နဲ့ မုံးကိုးမြို့ကြားမှာရှိတဲ့ နမ့်ဟူးသံစက်ရုံမှာ တနာရီလောက် ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင်လကစတင်ပြီး   မုံးကိုးဒေသနဲ့ ကြူကုတ်(ပန်ဆိုင်း)ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်  ဒေသခံပြည်သူလူထု  ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် အရာရှိစစ်သည် အများအပြား ထိခိုက်ဒဏ်ရာရကျဆုံးခဲ့တဲ့အပြင် စစ်သုံးပစ္စည်းနဲ့ လက်နက်ခဲယမ်းတွေကို MNDAA ကိုးကန့်တပ်က သိမ်းဆည်းရမိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up