၄၆ နိုင်ငံမှ ခရီးသွားများကို နိုဝင်ဘာ ၁ ရက်မှ စတင်လည်ပတ်ခွင့်ပြုမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

နိုင်ငံပေါင်း ၄၆ နိုင်ငံက ခရီးသွားဧည့်သည်တွေကို လာမယ့် နိုဝင်ဘာ ၁ ရက်နေ့က စတင်ကာ နိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာက ပြောပါတယ်။
အစောပိုင်းတုန်းကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေ နည်းတဲ့ အမေရိကန်၊ ယူကေ၊ ဂျာမနီ၊ တရုတ်စတဲ့ နိုင်ငံတွေအပါအဝင် ၁၀ နိုင်ငံကို ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ထားခဲ့တာဖြစ်ပြီး အခု ၄၆ နိုင်ငံအထိထပ်တိုးခွင့်ပြုလိုက်တာဖြစ်ပါတယ်။
“ကျနော်တို့ အရာရာ အပြည့်အဝ အဆင်သင့်ဖြစ်တဲ့အချိန်ထိ စောင့်နေမယ်ဆိုရင် အရမ်း နောက်ကျသွားလိမ့်မယ်။ ခရီးသွားဧည့်သည်တွေက တခြားနေရာတွေကို ရွေးချယ်သွား ကြလိမ့်မယ်”လို့ ပရာယွတ်က ပြောပါတယ်။
ခုလိုခွင့်ပြုလိုက်တာနဲ့အတူ နိုင်ငံတွင်း ရောဂါကူးစက်မှုအရှိန် မြင့်လာနိုင်ခြေရှိတာနဲ့ ပတ် သက်ပြီးတော့လည်း သိထားတယ်လို့ သူက ဆိုပါတယ်။
“ဒါပေမဲ့ ဒါဟာ ကျနော်တို့ ယူကြရမယ့် စွန့်စားမှုတခုပါပဲ။ တခြားနိုင်ငံတွေနည်းတူ အခုအချိန်မှာ ထိုင်းနိုင်ငံအနေနဲ့လည်း ဒါကို ပိုကောင်းအောင် ပြင်ဆင်ပြီးတော့ (ကိုဗစ်-၁၉ နဲ့)အတူယှဉ် တွဲနေထိုင်ရေးအတွက် သင်ယူဖို့လိုအပ်ပါတယ်”
ခွင့်ပြုလိုက်တဲ့ ၄၆ နိုင်ငံထဲမှာ အနောက်နိုင်ငံတွေက အများစုဖြစ်ပြီး အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ တရုတ်၊ ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ ဘူတန်၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေပါဝင်ပြီး မြန်မာနိုင်ငံကတော့ ပါဝင်ခြင်းမရှိသေးပါဘူး။
ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ်တဲ့ နိုင်ငံ ၄၆ နိုင်ငံက ခရီးသွားတွေအနေနဲ့ ထိုင်းနိုင်ငံကို လေကြောင်းကတဆင့် ကွာရန်တင်းဝင်ဖို့မလိုဘဲ လာရောက်နိုင်မှာဖြစ်ကာ ကနဦး ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း ဆေးစစ်ချက် ပြသရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံ အစိုးရက သတ်မှတ်ထားတဲ့ တခြားသော ဆိုက်ရောက်ဆေးစစ်မှု တွေကို သဘောတူညီရမယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ထိုင်းနိုင်ငံဒေသတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုတွေကိုလည်း အရှိန်အဟုန်မြှင့် ဆောက်ရွက်သွားမှာဖြစ်ကာ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ နှာခေါင်းစည်း Mask တပ်တာ၊ လက်ကို မကြာခဏဆေးတာ၊ လူ စုလူဝေးရှောင်တာ စတာတွေကို လိုက်နာကြဖို့လည်း တိုက်တွန်းထားပါတယ်။
လတ်တလောမှာတော့ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြမယ့် ခရီးသွားတွေအနေနဲ့ ဖူးခက်၊ ဆူရတ်ဌာနီ၊ ဘန်ကောက်၊ ဆမွတ်ပရာကန်၊ ကရာဘိ၊ ဖန်င၊ ပရာချွတ်ခီရိခန်၊ ဖက် ချဘူရီ၊ ချွန်ဘူရီ၊ ရနောင်း၊ ချင်းမိုင်စတဲ့ နေရာပေါင်း ၁၇ နေရာကို ခွင့်ပြုသွားဖို့ ကနဦး ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။