close

ဆူဒန်အရပ်သားအစိုးရခေါင်းဆောင်များအား ပြန်လွှတ်ပေးရန် ကုလ တောင်းဆို

ဆူဒန်နိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ အရပ်သားခေါင်းဆောင်များကို လွှတ်ပေးဖို့နဲ့ အရပ်သား ဦးဆောင်တဲ့ အသွင်ကူးပြောင်းရေးအစိုးရကို ပြန်လည်ထူထောင်ဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အောက်တိုဘာ ၂၈ ရက်မှာ တောင်းဆိုပါတယ်။ 

တနင်္လာနေ့က ဆူဒန်နိုင်ငံမှာ စစ်တပ်ကသိမ်းယူမှု၊ အသွင်ကူးပြောင်းရေးအဖွဲ့အစည်းအချို့ကို ဆိုင်းငံ့ထားမှု၊ အရေးပေါ် အခြေအနေကြေညာခြင်းနဲ့ ၀န်ကြီးချုပ် အဗဒူလာဟမ်ဒေါ့ခ်နဲ့ တခြားအရပ်ဘက် အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းတာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ အလေးအနက် စိုးရိမ်ကြောင်း ထုတ်ထားပါတယ်။ 

ကောင်စီအဖွဲ့ဝင်တွေဟာ စစ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး အဲ့ဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဟမ်ဒေါ့ခ်ကို သူ့နေအိမ်ကို ပြန်ပို့ထားတယ်လို့ သိရှိရပါတယ်။ 

သက်ဆိုင်သူတွေအားလုံးအနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့နဲ့ အကြမ်းဖက်မှုမှ ရှောင်ကြဉ်ဖို့ ကောင်စီအဖွဲ့ဝင်တွေ တောင်းဆိုထားပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာဖို့ အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။ 

လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာစာရွက်စာတမ်းနဲ့ အသွင် ကူးပြောင်းရေးရဲ့တခြားအခြေခံစာရွက်စာတမ်းတွေပေါ်မှာ အ‌ခြေခံပြီး အရပ်သား ဦးဆောင်တဲ့ အသွင်ကူးပြောင်းရေးအစိုးရကို ပြန်လည်ထူထောင်ဖို့ တောင်းဆိုခဲ့ပါတယ်။

 ဖွဲ့စည်းပုံအခြေခံဥပဒေပါ စာတမ်းနဲ့ ဆူဒန်ရဲ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို အလေးပေးတဲ့ Juba ငြိမ်းချမ်းရေး သဘောတူညီချက်တို့ကို အပြည့်အဝအကောင်အထည်ဖော်နိုင်အောင် သက်ဆိုင်သူများအားလုံးကို ကြိုတင်သတ်မှတ်ချက်တွေ မပါဘဲ တွေ့ဆုံဆွေးနွေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ကောင်စီအဖွဲ့ဝင်တွေဟာ ဆူဒန်ပြည်သူများနဲ့အတူ စည်းလုံးညီညွတ်မှုကို ဖော်ပြခဲ့ကြပြီး အားလုံးပါဝင်နိုင်သော၊ ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ ဒီမိုကရေစီနဲ့ သာယာဝပြောသော အနာဂတ်အတွက် ဆူဒန်ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ မျှော်မှန်းချက်တွေကို ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဆူဒန်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးကူညီဖို့အဆင်သင့်ရှိနေတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ဆူဒန်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ပျက်ပြားစေအောင် ကြိုးပမ်းမှု မှန်သမျှဟာ ဆူဒန်ရဲ့လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အန္တရာယ် ဖြစ်စေတယ်လို့ လည်း အလေးပေး ပြောကြားခဲ့ပါတယ်။

ဆူဒန်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နယ်မြေစိုးမိုးမှုနဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးတို့အတွက် သူတို့ရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။ 

ကောင်စီအဖွဲ့ဝင်တွေဟာ ဒေသတွင်းနဲ့ ဒေသခွဲနိုင်ငံတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အခိုင်အမာ ထောက်ခံကြောင်း ဖော်ပြခဲ့ကြပြီး ဆူဒန်မှာ သူတို့ရဲ့ဆက်လက်ဆွေးနွေး ညှိနှိုင်းမှုရဲ့ အရေးပါမှုကို အလေးပေး ဖော်ပြခဲ့ကြပါတယ်။ 

သူတို့ဟာ ဆူဒန်ရဲ့အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up