ဆူဒန်နိုင်ငံမှာ စစ်တိုက်နေကြတဲ့ အဖွဲ့တွေဟာ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေးကို မေ ၁၂ ရက် အစောပိုင်းက ကတိကဝတ် ပြုထားခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောမတူဘဲ အလှမ်းဝေးနေဆဲဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဆော်ဒီဆိပ်ကမ်း ဂျဒ်ဒါမှာ တပတ်ကြာ ဆွေးနွေးပြီးနောက် ဆူဒန်စစ်တပ်နဲ့ သူ့ပြိုင်ဘက် အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့ဟာ ရေတို အပစ်အခတ်ရပ်စဲရေးကို ဦးတည်ပြီး နောက်ထပ်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သူတို့ကဆိုပါတယ်။
ဆူဒန်စစ်တပ်နဲ့ RSF တို့က စာရွက်စာတမ်းကို လက်မှတ်ရေးထိုးနေကြပုံကို ဆော်ဒီနိုင်ငံပိုင်ရုပ်သံတီဗီ အယ်လ်-အခ်ဘာရီယားက မေ ၁၁ ရက် နှောင်းပိုင်းမှာ ပြသခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ဖြစ်နေတဲ့ အဖွဲ့တွေဟာ ၁၀ ရက်လောက်အထိ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရဖို့ အာရုံစိုက်ကြလိမ့်မယ်လို့ ဖော်ပြထားပါတယ်။
ဆော်ဒီနဲ့ အမေရိကန် ကြားဝင်ဖျန်ဖြေသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့ စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ ကယ်ဆယ်ရေးပစ္စည်းတွေကို အကာအကွယ်ပေးရေးအတွက် သီးခြားလုံခြုံရေး အစီအမံတွေကို ဆွေးနွေးကြမှာဖြစ်ကြောင်း အမေရိကန်အရာရှိတဦးက ပြောကြားခဲ့ပါတယ်။
အဲဒီအစီအမံတွေမှာ အမေရိကန်-ဆော်ဒီနဲ့ နိုင်ငံတကာက ပံ့ပိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး ယန္တရားတို့ ပါဝင်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယာယီအပစ်အခတ်ရပ်စဲရေးကနေ ရန်လိုမှုများ ထာဝရရပ်စဲရေးအထိ လုပ်ဆောင်ရမယ့် ရှည်လျားတဲ့ လုပ်ငန်းစဉ် ဖြစ်မယ်လို့ အမေရိကန် တာဝန်ရှိသူက ပြောပါတယ်။
နောက်ပိုင်းမှာ အရပ်သားအဖွဲ့တွေလည်း ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန်အရာရှိက ပြောကြားခဲ့ပါတယ်။
ဆူဒန်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အာဖရိက အရှေ့မြောက်ပိုင်းဒေသတခုလုံးကို မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ တာဝန်ရှိသူတဦးက မေ ၂ ရက်မှာ သတိပေး ပြောကြားခဲ့ပါတယ်။
စစ်ပွဲကြောင့် လူပေါင်း ၁ သိန်းကျော် နိုင်ငံရဲ့နယ်စပ်တွေကို ဖြတ်ကျော်ထွက်ပြေးခဲ့ရပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တတိယပတ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖန်တီးနေကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ် အပစ်အခတ် ရပ်စဲရေးကိုလည်း စစ်ပွဲတွေဆင်နွှဲနေတဲ့ အင်အားစုတွေက ချိုးဖောက်ခဲ့ကြောင်း ဆိုပါတယ်။
ဆူဒန်ရဲ့ ဆင်းရဲတဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ ဒုက္ခသည်အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းပေးနေပြီး လူဦးရေ ၃ ပုံ ၂ ပုံလောက်က ပြင်ပ အထောက်အပံ့တချို့ကို မှီခိုနေရတဲ့ နိုင်ငံတွင်း အကူအညီပေးရေး လမ်းကြောင်းတွေကို ပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် ပဋိပက္ခဟာ ပိုမိုကျယ်ပြန့်တဲ့ ဘေးဒုက္ခအသွင် ဆောင်သွားနိုင်တဲ့ အန္တရာယ်ရှိကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။
ဒေသတွင်း ပဋိပက္ခရဲ့ လှိုင်းလုံးသက်ရောက်မှုက ထင်ရှားနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ဒေသဆိုင်ရာ ဆက်သွယ်ရေးအရာရှိ ဘရန်ဒါ ကာရူကီ က ရိုက်တာကို ပြောပါတယ်။
ဒါဟာ တကယ့်ကို စိုးရိမ်စရာဖြစ်ပြီး ငြိမ်းချမ်းရေးရဖို့ပဲ လိုအပ်ကြောင်းနဲ့ ဒီဒေသတခုလုံး မတည်မငြိမ် ဖြစ်နိုင်ခြေရှိလို့ စစ်ဖြစ်နေတဲ့ ၂ ဖွဲ့ ပူးပေါင်းပြီးတော့ ပဋိပက္ခ ပြေလည်ဖို့အတွက် နည်းလမ်းရှာဖို့ လိုအပ်ကြောင်းလည်း သူကဆိုပါတယ်။
WFP ရဲ့ အဖွဲ့ဝင်တဦး သေဆုံးမှုအပြီးမှာ WFP ဟာ ဆူဒန်က သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို ဆိုင်းငံ့ထားမှာဖြစ်ကြောင်း မေ ၁ ရက်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဧပြီ ၁၅ ရက်က ဆူဒန်စစ်တပ်နဲ့ အရန် အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့ကြား ရုန်းရင်းဆန်ခတ်မှုကြောင့် သူ့ရဲ့ဝန်ထမ်း ၃ ဦး သေဆုံးပြီးနောက်မှာ အေဂျင်စီဟာ ဆူဒန်က သူ့ရဲ့လုပ်ငန်းလည်ပတ်မှု အားလုံးကို ယာယီ ရပ်ဆိုင်းထားခဲ့ပါတယ်။