close

သထုံခရိုင် ကျေးရွာများတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကေအန်ယူတပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့  ပစ်ခတ်မှုတွေပြုလုပ်နေတဲ့အတွက် အသက်အန္တရာယ်တွေ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ ၄၀၅ နဲ့  BGF ပူးပေါင်းတပ်ဖွဲ့တွေက နတ်ကြီးစခန်းကနေ ညစဥ် ကျေးရွာတွေဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာလို့ဆိုပါတယ်။

မဲ့ပလီကျေးရွာသားတစ်ဦးက" ညတိုင်းနီးပါး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စခန်းပတ်ဝန်းကျင်က ရွာတွေကို ရမ်းသန်းပစ်နေတာ။ တခါတလေ နေ့ခင်းဘက်ပါ ပစ်တယ်။ ရွာတွေကို ထန်တလန်လို လုပ်နေတာလား မသိဘူး။ ရွာကလူတွေ အလုပ် ကောင်းကောင်းမလုပ်ရဘူး။ စားဝတ်နေရေးထက် အသက်အန္တရာယ်ကို စိုးရိမ်နေရတယ်"လို့ ဆိုပါတယ်။

မဲ့ပလီ-နတ်ကြီး လမ်းမကြီးတလျှောက် အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေက လှုပ်ရှားသွားလာနေသလို့ ဒေသခံတွေ ဖြတ်သန်းသွားလာနေချိန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေကြောင့် လူနေအိမ်၊ ကျွဲ၊ နွား တိရိစ္ဆာန်တွေ ထိမှန်သေဆုံးတာတွေ ဒဏ်ရာရရှိတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကေအန်ယူ တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက"စကစဘက်က မကြာခဏ ပစ်နေတာ။ ညဖက်တွေဆို စခန်းပတ်ဝန်းကျင်တွေကို ရမ်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာ။ စခန်းအနားက ဒေသခံတွေအတွက်တော့ စိုးရိမ်ရတာပေါ့"လို့ ဆိုပါတယ်။

စကခ ၈ လက်အောက်ခံ ခမရ ၄၀၅ နဲ့ BGF ပူးပေါင်းအဖွဲတွေဟာ တပ်မဟာ ၅ နယ်မြေကို ဝင်ရောက်လှုပ်ရှားရာမှာ စစ်ကြောင်းလှုပ်ရှားသွားလာရာ လမ်းတလျှောက် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတွေ ပြုလုပ်ပြီးမှ လှုပ်ရှားလေ့ရှိတယ်လို့ ကေအန်ယူတာဝန်ရှိသူက ဆိုပါတယ်။

အောက်တိုဘာလအတွင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဘက်က နယ်မြေကျူးကျော်ကာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတဲ့အတွက် တပ်မဟာ ၁ လက်အောက်ခံ KNLAနဲ့ KNDO တပ်ဖွဲ့တွေနဲ့ ထိတွေ့ပြီး တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up