close

ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အပါအဝင် ၁၄ ဦးကို နိုင်ငံ့သစ္စာဖောက် စာရင်းသွင်း

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်အပါအဝင် ဝန်ထမ်းအကြီးအကဲ ၁၄ ယောက်ကို နိုင်ငံ့သစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက် ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုဝင်ဘာ ၃ ရက် ရက်စွဲနဲ့  ကြေညာပါတယ်။

အဆိုပါထုတ်ပြန်ချက်ကိုတော့ ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ဆက်လက်အလုပ်အကျွေးမပြုပဲ တရားမျှတမှုနဲ့ ပြည်သူတွေရဲ့ အကျိုး ကို ရှေးရှုပြီး မတရားတဲ့ အမိန့်အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)မှာ ပါဝင်ကြဖို့ အကြိမ် ကြိမ်ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန် ထမ်း ဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးမှ ထုတ် ပယ်တာ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်တာ၊ တရားစွဲဆိုတာ၊ ဉပဒေနဲ့အညီ ပြန်ဆပ်ဖို့ မလို တော့တဲ့ လစာချေးငွေတွေကို အတင်းအဓမ္မ ပြန်ဆပ်ခိုင်းတာတွေနဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ကျူးလွန်နေတဲ့ ဖော်ပြပါဝန်ထမ်းတွေကို နိုင်ငံ့သစ္စာဖောက်အဖြစ် အမည် ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်တယ်လို့ ကြေညာထားတာပါ။

အဆိုပါ ဝန်ထမ်းတွေထဲမှာတော့ ပြည်ထောင်စုဝန်ကြီးရုံး(ဆက်သွယ်ရေး) ရုံးအမှတ် ၂ မှ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမိုးကျော်စိုးတို့အပါအဝင် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနတွေအသီးသီးက  ညွှန် ကြားရေးမှူးတွေ၊ ဒုတိယညွှန်ကြားရေးမှူးတွေ၊ ဦးစီးအရာရှိတွေအထိ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော် အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၉ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူ တွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ် နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံး ပြည်သူ ၁,၂၃၀ ကျော်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၉,၆၀၀ ကျော်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up