မုံရွာမြို့တွင် စားသောက်ဆိုင်ထိုင်နေသူ ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ထဲက စားသောက်ဆိုင်တဆိုင်ထဲမှာ စားသောက်နေတဲ့ လူ ၄ ဦးကို စစ်ကောင်စီ အရပ်ဝတ်တွေက နိုဝင်ဘာ ၂ ရက်နေ့ ည ၇ နာရီလောက်က ဖမ်းဆီးသွားတယ်လို့ အနီးဝန်းကျင်က မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
“အရပ်ဝတ်တွေနဲ့ဆိုတော့ ပထမတော့ ဆိုင်ကိုလာတဲ့ ဧည့်သည်တွေ ထင်နေတာ။ နောက်ပိုင်း သေနတ်တွေနဲ့ ဆိုင်ထဲက လူ ၄ ယောက်ကို ချိန်ပြီး ဖမ်းတော့တာ။ ဘာကြောင့် ဖမ်းတယ်လို့ မပြောသလို ကျနော်တို့လည်း ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိဘူး။ ဒီကောင်တွေက သူတို့ မထင်သလို ဖမ်းတယ်။ နောက်ပြီး ငွေနဲ ပြန်ရွေးခိုင်းတယ်။ မရွေးနိုင်တဲ့သူဆိုရင် ပုဒ်မ အကုန်လျှောက်တပ်ပြီး ထောင်ချတော့တာပဲ။ အခု ဝင်ဖမ်းတာလည်း ဆိုင်ရှင်လည်း အသိမပေးဘူး။ ဆိုင်ထဲ အကုန်မွှေတယ်။ ဘာရှာတာလဲဆိုတာကိုလည်း မပြောဘူး”လို့ ဆိုင်အနီးနားက ဒေသခံတစ်ဦးက ပြောပါတယ်။
မုံရွာမြို့ပေါ်အတွင်း စစ်ကောင်စီတပ်တွေက နေ့ရော၊ညပါ လက်နက်ပြပြီး နေအိမ်တွေထဲကို ခွင့်ပြုချက်မတောင်းဘဲ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ရပ်ကွက်နေ ပြည်သူများ စိုရိမ်ကြောက်လန့်နေကြကာ လုံခြုံမှုမရှိသလို ခံစားနေရတယ်လို့ မြို့ပေါ်ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။