close

မြိုင်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခံရ

မကွေးတိုင်း မြိုင်မြို့နယ်မှာ နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက အကြမ်ဖက်စစ်အုပ်စုယာဥ်တန်း နှစ်ကြိမ်  မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား များအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဗဟင်းရွာကနေ မြိုင်ကိုသွားတဲ့ ရဲကားတစ်စီးကို ဒီကနေ့ မနက် ၄ နာရီကျော်လောက်က ဗိုလ်လက်ယာ၊ ဗိုလ်တောက်ဆိတ် နဲ့ ဗိုလ်ဗျူဟာ မိုင်းဘုရင်တွေ ဦးစီးတဲ့ မြိုင် PDF တပ်ဖွဲ့က မိုင်း ၃ လုံး ဆွဲတိုက်ခိုက်ရာ ရဲတချို့ အပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ မြိုင် PDF တပ်ဖွဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

“အဲဒီ ရဲကားပေါ်မှာ စစ်ကောင်စီရဲ့ ရဲ ၅ ယောက်လောက် လိုက်ပါလာပြီး မိုင်းပေါက်ကွဲကာ ကားပျက်စီးသွားတယ်။ ထိခိုက်သေဆုံးတာကို အတိကျအတည် မပြုနိုင်သေးပေမဲ့ ရဲတွေကတော့ အပြင်းထန် ဒဏ်ရာရရှိသွားတယ်။” 

အလားတူ မြိုင်-ဗဟင်းလမ်းမပေါ်မှာ စစ်ကောင်စီယာဥ်တန်းကို ဒီကနေ့မနက် ၁၁ နာရီလောက်က တိုက်ခိုက်ခဲ့တဲ့နေရာမှာပဲ ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရသွားတယ်လို့ မြိုင် PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ အိမ်စီးကား ၃ စီး အင်အား ၂၀ လောက်နဲ့ ဗဟင်းရွာဘက်လိုလာကြတာဖြစ်ပြီး မြိုင် PDF တပ်ဖွဲ့က မိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အိမ်စီးကား ၃ စီးအနက် ၂ စီးထိခိုက်ပျက်စီးသွားပြီးတော့ ၁ စီးကတော့ မြိုင်ဘက်ကို လှည့်ပြန်သွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်တဲ့နေရာက ကွင်းပြင်ဖြစ်တာကြောင့် စစ်ကောင်စီဘက်က ဒဏ်ရာရ သေဆုံးတဲ့ စာရင်းကို အတိကျမသိနိုင်ဘဲ PDF တပ်ဖွဲကတော့ ထိခိုက်ကျဆုံးတာ မရှိဘူးလို့ တာဝန်ရှိသူက ပြောပါတယ်။

မြိုင်မြို့နယ်က မိဘပြည်သူတွေအနေနဲ့ အချိန်မရွေးနေရာမရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် ကျန်မာရေးကိစ္စကလွဲလို့ အပြင်မထွက်ကြဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုတွေက အိမ်းစီးကားတွေကို မှန်တင်ပြီးမောင်းလာတာတွေရှိတာကြောင့် ပြည်သူကို ငဲ့ကွက်ပြီး တိုက်ပွဲလွတ်ခဲ့ရတာတွေ ရှိနေတယ်လို့ ထပ်မံသတိပေးထားပါတယ်။

မြိုင်မြို့နယ်ထဲမှာ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းကလည်း အကြမ်းဖက်စစ်အုပ်စုကို မြိုင်PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ယောက်လောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရမှုနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးဘူးပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up