ရိက္ခာနှင့် တပ်သားတင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ ၃၀ ခန့် သေဆုံး

အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ်ကို လာနေတဲ့ အကြမ်းဖက်စစ်ကောင်စီက ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃၀ လောက် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်းလွဲပိုင်း ၃ နာရီလောက်က စစ်ကိုင်းဘက်ကနေ ကချင်ပြည်နယ်ထဲကို ရိက္ခာနဲ့ တပ်သားတွေ တင်လာတဲ့ စစ်ကား ၇ စီးကို ထီးချိုင့်မြို့နယ် ကျွဲတောရွာနားမှာ မိုင်းခွဲတိုက်ခိုက်ခံရတာပါ။
ဒေသခံတယောက်က “၂ စီးက မီးလောင်သွားတယ်။ ကျန်တဲ့ ၅ စီးကတော့ မြစ်ကြီးနားဘက်ကို ဆက်သွားတယ်။ PDF တွေ ပေါင်းတိုက်တာ” လို့ ပြောပါတယ်။
ဆက်မောင်းသွားတဲ့ စစ်ကား ၅ စီးဟာလည်း မော်ဟန်နဲ့ နမ့်စီးအောင်ရွာနားမှာ ည ၇ နာရီကျော်က မိုင်းခွဲတိုက်ခိုက်ခံရပြီး ကား ၃ စီး မီးလောင်ပျက်စီးခဲ့ပါတယ်။ ကျန်တဲ့ ကား ၂ စီးကတော့ ရှပ်ထိပြီး ဆက်လက်မောင်းနှင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ KIA ပါဝင်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။
တိုက်ခိုက်ခံရတဲ့ စစ်ယာဉ်တန်းဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ကချင်ပြည်နယ်ထဲကို ရိက္ခာနဲ့ စစ်အင်အားဖြည့်တင်းဖို့ ပို့ဆောင်ပေးမဲ့ တပ်မ ၈၈ နဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သား ၃၀ လောက်သေဆုံးခဲ့တယ်လို့ မိုးညှင်း PDF က အတည်ပြု ပြောပါတယ်။ သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို မိုးညှင်းတပ်ရင်း ၁၅ က ညတွင်းချင်း လိုက်လံကောက်ယူခဲ့တယ်လို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။
စစ်ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။