ဆိုက်ဘေးရီးယားတွင် ဘဲလာရုစ်ကုန်တင်လေယာဉ် ပျက်ကျ

ဘဲလာရုစ်နိုင်ငံပိုင် ကုန်တင်လေယာဉ်တစီး ဆိုက်ဘေးရီးယားဒေသ အီရာကွတ်စ်ခ် မြို့အပြင်မှာ ရေဒါထဲကနေ ပျောက်သွားခဲ့အပြီး ပျက်ကျမီးလောင်ခဲ့တာကြောင့် လေယာဉ်ပေါ်ပါသူ ၉ ယောက်လုံး သေဆုံးခဲ့တယ်လို့ အရာရှိတွေကို ကိုးကားပြီး နိုဝင်ဘာ ၄ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဘဲလာရုစ်ကုမ္ပဏီ ဂရော့ဒ်နိုကပိုင်တဲ့ အန်တိုနော့ဗ် အန် ၁၂ လေယာဉ်ဟာ ပထမက ဆင်းသက်ဖို့ ဝဲပျံနေရာက အဆက်အသွယ် ပြတ်သွားခဲ့တာလို့ ရုရှားပြည်ထောင်စု လေကြောင်းအေဂျင်စီ ရိုဆာဗီယတ်စီယာက ပြောပါတယ်။
လေယာဉ်ပျက်ကျမှုကို သယ်ယူပို့ဆောင်ရေး ဘေးကင်းရေး စည်းမျဉ်းတွေကို ချိုးဖောက်မှုအတွက် ရာဇဝတ်မှုအဖြစ် အမှုဖွင့်ထားတယ်လို့ ရုရှားစုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။
လေယာဉ်ပေါ်မှာ ဘဲလာရုစ်နိုင်ငံသား ၃ ယောက်၊ ရုရှားနိုင်ငံသား ၂ ယောက်နဲ့ ယူကရိန်း နိုင်ငံသား ၂ ယောက်တို့ပါပြီး အားလုံး သေဆုံးခဲ့ပြီး လေယာဉ်ပေါ်မှာ ဘာကုန်စည်မှ မပါဘူးလို့ ဘဲလာရုစ် အာဏာပိုင်တွေက ပြောပါတယ်။
ရုရှားအစိုးရ အရာရှိတွေကတော့ လေယာဉ်ပေါ်မှာ ခရီးသည် ၂ ယောက် ပါသေးတယ်လို့ ပြောပါတယ်။
လေကြောင်း မတော်တဆမှုတွေဟာ အိုဟောင်းနေတဲ့ လေယာဉ်တွေ ပျံသန်းရာ ဆိုဗီယက် ပြည်ထောင်စုဟောင်း တလွှားမှာ ဖြစ်နေကျလို့ သတင်းမှာ ဖော်ပြပါတယ်။