close

ပြည်သူလူထုအပေါ် စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေမှု အန်စီအေအပစ်ရပ်အဖွဲ့များ ရှုတ်ချ

ဘာသာရေးအဆောက်အအုံတွေအပါအဝင် ပြည်သူတွေရဲ့ အိုးအိမ်တွေကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အပေါ် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကျူးလွန်သူတွေကို အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အပစ်ရပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ ဒီနေ့ အစည်းအဝေးကနေ ထုတ်ပြန်လိုက်တာဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်တာနဲ့ လူထုရင်ဆိုင်နေရတဲ့ အထွေထွေ အကျပ်အတည်းကြီးဟာ တိုင်းပြည်ပျက်စီးရေးလမ်းကြောင်းပေါ်ကို ရောက်နေပြီး ဒေသတွင်းတည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

PPST ခေါင်းဆောင် နိုင်အောင်မင်းက “ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ပြည်သူလူထုတို့နဲ့ မိမိတို့ တသားတည်းရပ်တည်နေပါကြောင်းကို စစ်မှန်သော သတိပြုစေလိုပါတယ်” လို့ နိဂုံးချုပ်မိန့်ခွန်းမှာ ပြောပါတယ်။

PPST အနေနဲ့ NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်) အနှစ်သာရ ၃ ရပ်ကို စွဲကိုင်ပြီး ချမှတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်အတိုင်း လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး ကြိုးပမ်းသွားမယ် လို့လည်း ပြောပါတယ်။ 

အနာဂတ်အသွင်သစ်နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖက်ဖက်နဲ့ လက်တွဲပူးပေါင်းမယ်လို့လည်း သူက ဆက်ပြောပါတယ်။

နိုဝင်ဘာ  ၄ ရက်ကနေ ၅ ရက်အထိ ၂ ရက်ကြာ ပြုလုပ်တဲ့ အစည်းအဝေးကနေ ပြည်တွင်းပြည်ပ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံပြီး လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောထားတွေ စုစည်းနိုင်ဖို့ ဆွေးနွေးညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ ဒေသအသီးသီးက စစ်ရှောင်ပြည်သူတွေအတွက် လုံခြုံရေးအပါအဝင် လူသားချင်းစာနာမှု အထောက်အကူတွေ အမြန်ဆုံးရဖို့အတွက် PPST အနေနဲ့ ဝိုင်းဝန်းကြိုးပမ်းသွားမယ် လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up