close

ပြည်သူများကျန်းမာရေးဂရုစိုက်ရန်၊ ညီညွတ်ကြရန်နှင့် အဆင်မပြေမှုများအတွက် စိတ်မကောင်းကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ပြည်သူအားလုံး ကျန်းမာရေးဂရုစိုက်ဖို့၊ ညီညီညွတ်ညွတ်နေကြဖို့နဲ့ ပြည်သူတွေရဲ့စီးပွားရေး အခက်အခဲတွေကိုကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၅ ရက် ဒီကနေ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ၄ မှုထဲက ၂ မှုကို နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ ဆက်လက်စစ်ဆေးစဉ် ပြောဆိုခဲ့တာလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီက စုံစမ်းသိရှိရပါတယ်။

ဒီနေ့ အမှုနံပတ် ၃ နဲ့ ၄ ကိုဆက်လက်စစ်ဆေးခဲ့ပြီး နေပြည်တော်စည်ပင်ဌာနမှူးဟောင်း ဦးစိုးနိုင်ကို အပြန်အလှန်စစ်မေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားရုံးက အမှုနံပတ်  ၂ အတွက် တရားလိုပြသက်သေ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ဇနီးဒေါ်ခင်မိမိကြွယ်ကို ခေါ်ဆိုထားပေမယ့် ရောက်လာခဲ့ခြင်းမရှိပါဘူး။

အဂတိအမှုလေးမှုထဲက အမှုနံပတ် ၂ ရွှေချောင်းနဲ့ ဒေါ်လာတွေရယူထားတယ်ဆိုတဲ့ အမှုအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၁ ရက်နေ့ရုံးချိန်းမှာ စစ်ကောင်စွဲရဲ့ စွဲချက်မှန်ကန်ကြောင်း ထွက်ဆိုထားပါတယ်။ 

နိုဝင်ဘာ ၅ ရက်နေ့ရုံးချိန်းမှာ အမှုနံပတ် ၂ နဲ့ ၅ အတွက် တရားလိုပြသက်သေတွေ ရောက်မလာတဲ့အတွက် အဲ့ဒီအမှုတွေကို မစစ်ဆေးနိုင်ခဲ့ပါဘူး။ နောက်ရုံးချိန်းကိုတော့ နိုဝင်ဘာ ၁၂ရက်နေ့မှာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိမှု ၄ မှုအတွက် မန္တလေးတိုင်းတရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး နေပြည်တော်မှာ စစ်ဆေးနေတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိအမှု ၄ မှုအပါအဝင် စစ်ကောင်စီစွဲဆိုထားတဲ့ အမှု ၁၁မှုနဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up