မက္ကဆီကိုနိုင်ငံ အပန်းဖြေစခန်းအနီး မူးယစ်ဂိုဏ်းဝင် ၂ ဦးကို ပစ်သတ်ခံရ

မက္ကဆီကိုနိုင်ငံ၊ ကန်ကွန်အပန်းဖြေစခန်းအနီးမှာ မူးယစ်ဆေးဝါးဂိုဏ်းဝင်လို့ သံသယရှိသူနှစ်ယောက် နိုဝင်ဘာ ၄ ရက်က အသေပစ်သတ်ခံရတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ကာရစ်ဘီယံကမ်းရိုးတန်းက ပူအာတိုမိုရီလိုစ်ဆိပ်ကမ်းမြို့ရှိ ဘာဟီရာပီတမ်ပစ်ကမ်းခြေမှာ လူဆိုးဂိုဏ်းဝင်တွေ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြပြီးနောက်မှာ နှစ်ဦးသေဆုံးခဲ့တယ်လို့ ကွင်တာနာရိုးပြည်နယ် ရှေ့နေချုပ်ရုံးက ပြောပါတယ်။
တခြား ပြင်းထန်တဲ့ဒဏ်ရာရသူတွေ မရှိဘူးလို့ ရှေ့နေချုပ်ရုံးက ထွစ်တာမှာ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နာရီအနည်းငယ်အကြာမှာပဲ လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပျံ့နှံ့လာတာပါ။
အဇူလ်ကမ်းခြေဟိုတယ်ဧရိယာမှာ သေနတ်ရှည်ကိုင်ဆောင်ထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို အစောပိုင်းက တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
သေနတ်သမားတွေဟာ သေဆုံးသွားတဲ့ လူတွေကိုလိုက်ရှာဖို့ လှေနဲ့ရောက်ရှိလာတယ်လို့ ပြည်နယ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားပြီး ဒါဟာ ပစ်မှတ်ထား ကွပ်မျက်မှု ဖြစ်ပုံရတယ်လို့ တခြားမက္ကဆီကို အရာရှိတစ်ဦးကလည်း ပြောပါတယ်။
ကန်ကွန်အပန်းဖြေစခန်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေချိန်မှာ ဝန်ထမ်းတွေဟာ ခရီးသည်တွေကို ပုန်းနေကြဖို့ ပြောထားတယ်လို့ တုန်လှုပ်ကြောက်ရွံ့နေကြတဲ့ တိုးရစ်တွေက ပြောပါတယ်။
အဲ့ဒီနေရာက အနည်းဆုံး ခရီးသွားတစ်ဦး ဦးခေါင်းဒဏ်ရာကို ကုသမှုခံယူခဲ့ရတယ်လို့ ဒေသတွင်း ရုပ်မြင်သံကြားကွန်ရက် မီလန်နီအိုက ဖော်ပြခဲ့ပါတယ်။
ရက်သတ္တပတ်အနည်းငယ်အကြာက ကန်ကွန်ကနေ မိုင် ၈၀ အကွာရှိ တခြားနာမည်ကြီးတဲ့ တူလမ်ကမ်းခြေမှာလည်း နာမည်ကြီးဂိုဏ်းတခုက အပြန်အလှန်ပစ်ခတ်မှုအတွင်း ခရီးသွားနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။