အိုးထရတ်ဖို့ဒ်ကွင်းမှာ ခြေစွမ်းပိုကောင်းတဲ့ ခံစားမှုရရှိကြောင်း ဘာနာဒိုဆေးလ်ဗား ပြော

မန်ယူနိုက်တက်အသင်းရဲ့ အိုးထရတ်ဖို့ဒ်ကွင်းမှာဆိုရင် ခြေစွမ်းပိုကောင်းတဲ့ ခံစားမှုရရှိကြောင်း မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကပြောပါတယ်။
မန်စီးတီးအသင်းဟာ ဒီကနေ့ မြန််မာစံတော်ချိန် ည ၇ နာရီမှာ မန်ယူနိုက်တက်အသင်းကို အိုးထရတ်ဖို့ဒ်မှာသွားရောက်ရင်ဆိုင်ရမှာပါ။
အဲဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ အိုးထရတ်ဖို့ဒ်မှာ ခြေစွမ်းပိုကောင်းတယ်ဆိုတဲ့ ခံစားမှုရရှိပြီး နိုင်ပွဲ အများစုကို ယူနိုက်တက်အိမ်ကွင်းမှာရရှိခဲ့တာဖြစ်တယ်လို့ ဆေးလ်ဗားကပြောပါတယ်။
“ အဲဒီအကြောင်း ခေါင်းထဲသိပ်မထားပေမယ့် အိမ်ကွင်းထက် သူတို့ကွင်းမှာ ပိုကောင်းတဲ့ ခံစားချက် အမြဲတမ်းရှိပါတယ်” လို့ ဆေးလ်ဗားကပြောပါတယ်။
မန်စီးတီးဟာအိုးထရတ်ဖို့ဒ်မှာကစားခဲ့တဲ့ မန်ယူနဲ့ ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲရူံးပြီး ၁ ပွဲသရေကျခဲ့ပါတယ်။
ဆက်လက်ပြီး ရော်နယ်ဒိုနဲ့ ကာဗာနီတို့ကို သတိထားကစားရမှာဖြစ်ပြီး သူတို့ကို အခွင့်အရေးပေးလို့ မရကြောင်းလည်း ဆေးလ်ဗားက မှတ်ချက်ပေးခဲ့ပါတယ်။
နှစ်သင်းစလုံးက အမှတ်ပေးဇယားထိပ်ဆုံးကချဲလ်ဆီးနဲ့ အမှတ်ကွာနေတာကြောင့် ဘယ်သူမှ အမှတ်ဆုံးရှုံးခံနိုင်ခြေထက် အနိုင်ရလဒ်ရဖို့လိုအပ်တယ်လို့လည်း ဆေးလ်ဗားက သုံး သပ်ခဲ့ပါတယ်။