close

ဒေါ်လာ ထရီလီယံချီသုံးစွဲမည့် အခြေခံအဆောက်အအုံစီမံကိန်း အမေရိကန်အောက်လွှတ်တော် အတည်ပြု

အမေရိကန်အောက်လွှတ်တော်က ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ  အသုံးပြုမယ့် အခြေခံအဆောက်အအုံစီမံကိန်းကို အတည်ပြုပြီးနောက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူ့အစိုးရအဖွဲ့အတွက် အဓိက အနိုင်ရတဲ့ ဥပဒေအဖြစ် အတည်ပြု လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပါတယ်။

ဘိုင်ဒင်အစိုးရက ဒီစီမံကိန်းကို လနဲ့ချီ ရေးဆွဲခဲ့တာဖြစ်ပြီး နိုင်ငံရဲ့အခြေခံ အဆောက်အအုံအများစုမှာ တိုးတက်မှုကို မြင်တွေ့နိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

အောက်လွှတ်တော်မှာ တစ်ရက်ကြာလောက် ရှေ့မတိုးသာ နောက်မဆုတ်သာ အကြိတ်အနယ် ဆွေးနွေးငြင်းခုံခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၂၈ မဲ၊ ကန့်ကွက်မဲ ၂၀၆ မဲနဲ့ ဥပဒေကို အတည်ပြုနိုင်ခဲ့တာပါ။

ဒီဥပဒေမူကြမ်းမှာ အမေရိကန်ပြည်ထောင်စုတဝန်းရှိ လမ်းတွေ၊ တံတားတွေ တိုးတက်ကောင်းမွန်စေဖို့  ဒေါ်လာဘီလီယံ ရာနဲ့ချီ ပြီး အသုံးပြုမယ့် စီမံကိန်းတွေ  ပါဝင်ပါတယ်။

နိုင်ငံတော်ရဲ့ လျှပ်စစ်နဲ့ဓာတ်အားတည်ဆောက်မှုတွေ၊ ရထားလမ်းဝန်ဆောင်မှုတွေ၊ ဘရော့ဘန်း တိုးချဲ့မှု၊ ရေအခြေခံအဆောက်အအုံ၊ လေဆိပ်တွေနဲ့ ဆိပ်ကမ်းအခြေခံအဆောက်အအုံတွေ တိုးတက်စေဖို့ ဒေါ်လာဘီလီယံ ဆယ်နဲ့ချီ ခွင့်ပြုထားပြီး လျှပ်စစ်ကား ဓာတ်အားသွင်းရုံများ သုံးစွဲနိုင်မှု တိုးမြှင့်ဖို့ ငွေကြေးထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ 

အလုပ်အကိုင်တွေ ဖန်တီးပေးပြီးတော့ အမေရိကန်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးမယ်လို့လည်း ကတိပြုထားပါတယ်။ 

နိုင်ငံတစ်ခုရဲ့ စီးပွားရေးအင်အားဟာ သူ့ရဲ့အခြေခံအဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုပေါ်မှာ မူတည်ပြီး၊ ဒီနေ့ မဲခွဲဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့် အမေရိကန်စီးပွားရေးဟာ နောင်ဆယ်စုနှစ်များစွာ ကြာအောင် ခိုင်မာနေဦးမယ်လို့ အာမခံထားပါတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျနက်ယဲလ်လန်က ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။

အခြေခံအဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကို ရီပတ်ဘလီကန်အမတ် ၁၃ ဦးရဲ့ ထောက်ခံမှုနဲ့ အတည်ပြုခဲ့ပြီး ဘိုင်ဒင်ရဲ့ကတိကဝတ်ပြုထားတဲ့ နှစ်ဖက်ပါတီများဆိုင်ရာ ဥပဒေတချို့ကိုလည်း အတည်ပြုခဲ့ပါတယ်။

“Build Back Better” ပက်ကေ့ဂျ်မှာတော့ ကလေးထိန်းနဲ့မူကြို၊ သက်ကြီးစောင့်ရှောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးညွှန်းဆေးဝါးစျေးနှုန်းနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။ 

သမ္မတဘိုင်ဒင်ဟာ ဥပဒေကြမ်းကို ဥပဒေတရပ်အဖြစ် လက်မှတ်ရေးထိုးဖို့အတွက် သောကြာညပိုင်းဆိုရင် ဒယ်လာဝဲပြည်နယ်က သူ့နေအိမ်ကို ပြန်လေ့ရှိတာကိုတောင် မပြန်ဘဲ ခရီးကို ဖျက်သိမ်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up