close

ထိုင်ဝမ်အရေး တဖက်သက်လုပ်ရပ်များအတွက် တရုတ်ကို အမေရိကန် သတိပေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အောက်တိုဘာ ၃၁ ရက်မှာ​ တွေ့ဆုံပြီး ထိုင်ဝမ်အရေး တရုတ်ရဲ့ တဖက်သတ် လုပ်ရပ်တွေကို သတိပေးခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှု တိုးနေစေတဲ့ တရုတ်ပြည်မကြီးအစိုးရရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တယ်လို့ ဘလင်ကန်က ပြောခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်း အရာ ရှိက ပြောပါတယ်။

ဝမ်ယိနဲ့ ဘလင်ကန်တို့ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၂၀ အဖွဲ့ G20 ရဲ့ ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးအတွင်း ၁ နာရီကြာ ဆွေးနွေးခဲ့ပါတယ်။

လက်ရှိအခြေအနေအပေါ် တရုတ်ရဲ့ဘယ်လို တဖက်သတ် အပြောင်းအလဲကိုမဆို အမေရိကန် အစိုးရက ဆန့်ကျင်တယ်လို့ ဘလင်ကန်က လုံးဝရှင်းအောင် ပြောခဲ့တယ်လို့ အရာရှိက ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး ၂ နိုင်ငံကြားက တင်းမာတဲ့ ပြိုင်ဆိုင်မှုကို အမေရိကန်က စီမံခန့်ခွဲချင်နေတယ်၊ နှစ်ဖက်စလုံးက ဆက်ဆံရေး လိုင်းတွေကို ဖွင့်ထားဖို့ ပဓာန ကျတယ်ဆိုတဲ့ အချက်ကို အသိအမှတ်ပြုတယ်လို့ အရာရှိက ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အောက်တိုဘာ ၃၀ နဲ့ ၃၁ ရက်မှာ ကျင်းပတဲ့ ရောမ ထိပ်သီးညီလာခံကို ရုပ်သံကွန်ရက်ကတဆင့်တက်ရောက်မှာပါ။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဂျပန် ဝန်ကြီးချုပ် ဖှုမိအို ခိရှိဒါ့တို့ အပါအဝင် ချမ်းသာတဲ့ G20 အဖွဲ့ဝင်နိုင်ငံတွေက တခြား အဓိကခေါင်းဆောင်တွေလည်း ဒီညီလာခံကို လူကိုယ်တိုင် မတက်ခဲ့ကြပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up