close

ရေစကြိုတွင် ဗုံးကွဲပြီး ရဲအချို့သေဆုံးဒဏ်ရာရ၊ မုံရွာမြို့နယ်၌ စစ်တပ်ရိက္ခာတင်ကား မိုင်းထိပြီး ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ကျွဲကုန်းကျေးရွာနဲ့ မြေတော်ကျေးရွာအကြားမှာ နိုဝင်ဘာ ၆ ရက် ဒီနေ့ မွန်းလွဲပိုင်းက ဗုံးခွဲတိုက်ခိုက်မှုကြောင့် နယ်ထိန်းရဲ တယောက်သေပြီး ရဲတပ်ဖွဲ့ဝင်  ၅ ယောက် ဒဏ်ရာ ပြင်းထန်ရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြေတော်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေမှာ ဝင်ရောက်ပြီး လိုက်လံပစ်ခတ်နေတာကြောင့် ကျွဲကုန်းကျေးရွာနဲ့ မြေတော်ကျေးရွာကြား အရောက်မှာ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ရဲ့ ဗိုလ်နှံကောင်ဦးဆောင်တဲ့ အဖွဲ့က ဦးဆောင်ပြီး YDF အဖွဲ့နဲ့ပူးပေါင်းကာ မိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေလယ်ကျွန်း PDFအဖွဲ့ဝင်တွေဆီကသိရပါတယ်။

“၁၁နာရီလောက်မှာသူတို့ ထွက်လာကြတာ၊ ကျွဲကုန်းတောင်ဘက်အရောက်မှာ သေနတ်တွေတွေဖောက်  ရမ်းသန်းပစ်တယ်၊ ၁ နာရီလောက်မှာ မိုင်းသံကြားတယ်။ ဘယ်ဆီပစ်တာလဲတော့မသိဘူး။ ဘုရားလေးကုန်း အနားရောက်တော့ ထပ်ပစ်တယ်။ ရဲတစ်ယောက် မိုင်းထိလို့သေတယ်။ နယ်ထိန်းတစ်ယောက်ကတော့ နေရာတင် မိုင်းထိလို့ ကိစ္စချောသွားရော၊ ကျန်တဲ့ ၅ ယောက်ကတော့  စုတ်ပြတ်နေအောင် မိုင်းထိသွားတယ်။ သူတို့ စခန်းက ထွက်လာတဲ့အချိန်ဆိုရင် ရွာတွေမှာ ကျီးလန့်စာစားနဲ့ သတိထားပြီးနေနေရတာ၊ အခု ညနေပိုင်းမှာ ချင်းယားဘက်က မီးခိုးတွေထွက်လာတာတွေ့တယ်”လို့  PDFအဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ 

Phoenix အထူးပြောက်ကျားတပ်ဖွဲ့ အနေနဲ့ နိုဝင်ဘာ ၆ရက်နေ့ မနက်ပိုင်းကလည်း ရဲထွက် ဒလန်တစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့လည်းသိရပါတယ်။ ရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်ထောက်ခံသူတွေ၊ ဒလန်တွေအနေနဲ့ စစ်ကောင်စီနဲ့မပူးပေါင်းပဲ ပြည်သူ့ဘက်က ရပ်တည်ပေးဖို့နဲ့ ဆက်လက်ပူးပေါင်းနေမယ်ဆိုရင် ခွင့်လွတ်ထားမှာမဟုတ်ကြောင်း Phoenixအဖွဲ့ သတိပေးထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်၊ ရေနံဘိုရွာနဲ့စည်သာရွာအကြားမှာလည်း  နိုဝင်ဘာလ ၅ ရက်နေ့ ည ၇ လောက်က အရာဝောာ်ကနေ မုံရွာဘက်သွားတဲ့ စစ်ကောင်စီရဲ့ရိက္ခာသယ်ယာဉ်တစ်စီးကို ဒေသခံပြောက်ကျားတပ်တွေကတိုက်ခိုက်ခဲ့ရာမှာ ရိက္ခာသယ်ယာဉ် ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၂ ယောက်  အပြင်းအထန် ဒဏ်ရာ ရသွားတယ်လို့သိရပါတယ်။

သပြေညိုပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ပြီး၊ People’s Guerillas Commando-Myinmu၊ Ayardaw Bone Naing PDF-A.B.N PDF၊ တမန်တော် ပြောက်ကျားတပ်ဖွဲ့ ၊ Ayardaw Falcon Force (AF2)၊ Knights Of The Red Land (KORL) ညီနောင်တော်လှန်ရေးတပ်ဖွဲ့ ၆ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

သပြေညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “စည်သာရွာနဲ့ ရေနံဘိုရွာအကြားကနေ ဆီးပြီး မိုင်းဆွဲတိုက်ခိုက်လိုက်တာ။ မျက်မြင်တွေရဲ့ ပြောပြချက်အရ ကားမှန်တွေကွဲထွက်တယ် ဘေးတခြမ်းစုတ်ပြတ်သွားပြီး။ ခွေးနှစ်ကောင် အပြင်းထန်ဒဏ်ရာရသွားတယ်”လို့ ပြောပါတယ်။

အရာတော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေရဲ့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာကို ပြည်သူတွေခံနေကြသလို ခုခံစစ်ဆင်နွှဲနေတဲ့ ပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေကို အလစ်အငိုက် တိုက်ခိုက်တာတွေ အဆက်မပြတ်ပြုလုပ်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up