ရေစကြိုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၁၀ ဦးသေ၊ ရဲတပ်ဖွဲ့ဝင်ဟောင်း ၁ ဦး အသတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြို-ချောင်းဦးလမ်းပေါ်ရှိ မထိသာကျေးရွာအနီး စစ်ယာဉ်တန်း မိုင်းဆွဲခံရတာကြောင့် ၁၀ ဦးသေဆုံးခဲ့ပြီး ကျွဲကုန်းကျေးရွာက ရဲတပ်ဖွဲ့ဝင်ဟောင်း တယောက် အသတ်ခံခဲ့ရပါတယ်။
မထိသာကျေးရွာအနီး ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီးနောက် တပ်ကူရောက်လာတဲ့ စစ်ကားနှစ်စီးကိုလည်း ဆင်မြေကျေးရွာအကျော်မှာ မိုင်း ၅ လုံးတွဲနဲ့ မိုင်းထပ်ဆွဲခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၀ဦးထက် မနည်း ခြေပြတ်လက်ပြတ် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ Chaung U PDFအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ချောင်းဦး ၊မြောင်၊မြင်းခြံမြို့နယ်တို့က PDF အဖွဲ့ ၄ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက တစ်ရက်တည်းမှာ နှစ်ဆင့် တိုက်ပွဲ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
“ကားပေါ်မှာပါလာတဲ့ ကောင်တွေ အကုန်နေရာမှတင်သေတာပဲ ကားနှစ်စီးလုံးလည်း ကြေမွသွားတယ်၊ ကျန်တဲ့ကောင်တွေလည်း ခန္ဓာကိုယ်ပျက်စီး ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားလိုက်ရတယ်။ ရွာထဲမှာ မနေ့က ရမ်းသန်းပြီး လိုက်ပစ်နေတယ်၊ ရွာထဲ အကုန်ဝင်ပြီးပတ်ရမ်းကားပြီးတော့ ရွှေလှေကျေးရွာက အပြန် ဆင်ဖြူရှင် တံတား မထိသာရွာနးအရောက်မှာ မိုင်းထိသွားတယ်”လို့ မျက်မြင်ဒေသခံက ပြောပါတယ်။
ပထမတိုက်ပွဲအဖြစ် ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာအနီးမှာ စစ်တပ်နဲ့ ရဲတွေက ကားနှစ်စီးနဲ့ ကျေးရွာအတွင်း သေနတ်နဲ့ ပစ်ခတ်တာကြောင့် PDF အဖွဲ့ ၅ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ Chaung U PDFအဖွဲ့ကသိရပါတယ်။
ပထမတိုက်ပွဲနဲ့ ဒုတိယ တိုက်ပွဲဟာ အချိန်နာရီဝက်လောက် ကွာခြားပြီး တိုက်ပွဲနှစ်ခုပေါင်း စစ်ကောင်စီနဲ့ ရဲ ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၀ ထက်မနည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ Chaung U PDFက တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
ပူးပေါင်းတိုက်ခိုက်ကြတဲ့ အဖွဲ့တွေကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ChuPDF)၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF)၊ 27 RevolutionForce(မြင်းခြံ)၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မဟာပိတ် ၄ဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
နိုဝင်ဘာ ၆ ရက် ဒီနေ့မနက်က ကျွဲကုန်းကျေးရွာနေ ရဲဝန်ထမ်းဟောင်း ပျူစောထီးအဖွဲ့ဝင် ဒလန် ဦးမျိုးမြင့်ဦးဟာ တော်လှန်ရေးမှာ အဟန့်အတားဖြစ်နေတဲ့အတွက် ရှင်းလင်းလိုက်တယ်လို့ Phoenix အထူးပြောက်ကျားအဖွဲ့ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်ထောက်ခံသူတွေ၊ ဒလန်တွေ အနေနဲ့ ပြည်သူ့ဘက်က ရပ်တည်ပေးဖို့နဲ့ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းနေမယ်ဆိုရင် ခွင့်လွတ်ထားမှာမဟုတ်ဘူးလို့ Phoenixအဖွဲ့ သတိပေးထုတ်ပြန်ထားပါတယ်။