close

စာသင်ကျောင်းများကို နှောင့်ယှက်ခြိမ်းခြောက်မှု မိုက်မဲသည့်လုပ်ရပ်ဖြစ်ဟု အကြမ်းဖက် စစ်ခေါင်းဆောင်ပြော

ကျောင်းသား၊ ကျောင်းသူတွေရဲ့  ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး စာသင်ကျောင်းတွေမှာ နှောင့်ယှက် ခြိမ်းခြောက်မှုတွေဟာ မိုက်မဲတဲ့ လုပ်ရပ်ဖြစ်ပြီး  နိုင်ငံကိုဒုက္ခပေးခြင်းဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။  

နိုဝင်ဘာ ၉ ရက်နေ့က  နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာမှာထည့်သွင်းပြောကြားခဲ့တာပါ။ 

ကျောင်းတွေပြန်ဖွင့်ချိန်မှာ ကျောင်းတက်ရောက်မှုများ နည်းပါးခဲ့ကြောင်း၊ နိုဝင်ဘာ  ၈ ရက်အထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂ သန်း ၃ သိန်း ၅ ထောင်ကျော်တက် ရောက်နေကြောင်း၊ ကျောင်းစတင်ဖွင့်လှစ်ချိန်နဲ့ တွက်ချက်ပါက တစ်ပတ်အတွင်း ကျောင်းသား ၁ သန်းကျော်ထပ်မံ တိုးတက်လာတာ တွေ့ရှိရလို့ ဝမ်းမြောက်ဖွယ်ပင် ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

လုံခြုံရေးနဲ့ ပတ်သက်လို့  ကျောင်းသားမိဘတွေနဲ့ ရပ်ရွာ အေးချမ်းသာယာရေး လိုလားသူတွေက ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှုကြောင့်  စာသင်ကျောင်းတွေမှာ  နှောက်ယှက်မှု အနည်းငယ်သာ ရှိပြီး တချို့နေရာတွေမှာ  ခြိမ်းခြောက်မှုတွေရှိတယ်လို့  စစ်ခေါင်းဆောင်က ပြောပါတယ်။ 

အခြေခံပညာကျောင်းဖွင့်မှုရဲ့ ရလဒ်အပေါ်မူတည်ပြီး တက္ကသိုလ်တွေ ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပြီး ပြန်ဖွင့်ရာမှာ အကုန်တော့မဖွင့်ဘဲ  မဟာတန်းတွေ၊ ပါရဂူတန်းတွေ၊ Qualified တန်းတွေ၊ ဂုဏ်ထူးတန်းတွေ ဒီနောက် နောက်ဆုံးနှစ်၊ တတိယနှစ်၊ ဒုတိယနှစ် စသဖြင့် ဆက်လက် ဖွင့်သွားမယ်လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်ကစပြီး  တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့နယ် ၄၀ ကျော်ကလွဲလို့ တနိုင်ငံလုံးမှာ ရှိတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ အပါအဝင် အခြေခံပညာဦးစီးဌာနက ကျောင်းတွေအားလုံးကို စစ်ကောင်စီက ပြန်ဖွင့်ခဲ့တာဖြစ်ပေမဲ့ ရန်ကုန်အပါအဝင် မြို့နယ် အတော်များများမှာ ကျောင်းတက်သူမရှိသလောက် နည်းပါးနေတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါအခြေအနေနဲ့ လုံခြုံရေး အခြေအနေကြောင့် ကျောင်းသားမိဘတွေက ကလေးတွေကို ကျောင်းမပို့ကြတာရှိသလို  စစ်ကျွန်ပညာရေးဆန့်ကျင်တဲ့ အနေနဲ့ ကျောင်း မတက်ကြသူတွေလည်း ရှိပါတယ်။

ဒါ့အပြင် ကျောင်းဆရာ ဆရာမတွေကလည်း အကြမ်းမဖက် အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ကျောင်း မတက်ကြတာလည်းရှိပါတယ်။  

Photo- MOI

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up