ထိုင်း အမြင့်ဆုံး ဒွိုင်အင်ထနွန်တောင်ကို ခရီးသွားများအတွက် ယနေ့ ပြန်လည်ဖွင့်လှစ်




ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး ဒွိုင်အင်ထနွန်တောင်ထိပ်ကို ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဒီကနေ့ နို ဝင်ဘာ ၁၀ ရက် မနက် ၅ နာရီမှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
ဒီတောင်ကတော့ ထိုင်းမြောက်ပိုင်းမြို့တော် ချင်းမိုင်မှာ တည်ရှိပြီး ကမ္ဘာလှည့်ခရီးသွားတွေကို အဓိက ဆွဲဆောင်ရာ နေရာတွေထဲ တခုအပါအဝင်ဖြစ်ကာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် အချိန်ကာလအတန်ကြာ ပိတ်ထားခဲ့ရတာပါ။
ခုပြန်လည်ဖွင့်လှစ်မှုမှာတော့ ရောဂါကူးစက်မှု လျှော့ချနိုင်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ မနက် ၅ နာရီကနေ ၁၀ နာရီခွဲထိတကြိမ်၊ ၁၀ နာရီခွဲကနေ ၂ နာရီထိ တကြိမ်၊ ၂ နာ ရီကနေ ၆ နာရီထိ တကြိမ်၊ တရက်ကို ၃ ကြိမ်ခွဲ လည်ပတ်ခွင့်ပြုမှာဖြစ်ပြီး တကြိမ်ကို လူ ဦးရေအယောက် ၁၀၀ ထက်ပိုခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
လည်ပတ်လိုတဲ့ ခရီးသွားဧည့်သည်တွေဟာ အွန်လိုင်းအက်ပ်လီကေးရှင်းတွေကတဆင့် ကြိုတင်မှတ်ပုံတင်ထားရမှာဖြစ်ပြီး လာရောက်လည်ပတ်တဲ့နေ့မှာတော့ ထိုင်းနိုင်ငံသားတွေက မှတ်ပုံတင်၊ ဒါမှမဟုတ် ယာဉ်မောင်းလိုင်စင်သက်သေခံကတ်ပြားပြရမှာဖြစ်ကာ နိုင်ငံခြားသားတွေကတော့ ပတ်စ်ပို့၊ ဒါမှမဟုတ် အစိုးရအသိအမှတ်ပြု အထောက်အထားတခုခု ပြသရမယ်လို့ ဆိုပါတယ်။
လာရောက်လည်ပတ်သူတွေဟာ အချိန် ၇၂ နာရီအတွင်း ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ဆေးစစ်ချက်အထောက်အထားနဲ့အတူ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးသူတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှာခေါင်းစည်း Mask အကာအကွယ်ကို အမြဲတပ်ဆင်ထားရမှာဖြစ်ပြီး လူမှုအလှမ်းခွာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ကာ ညအိပ် လည်ပတ်လိုသူတွေကတော့ တောင်ထိပ်ပေါ်မှာ နေအိမ်၊ ဒါမှမဟုတ် ရွက်ဖျင်တဲအတွက် ကြိုတင်ဘွတ်ကင်တင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံခြားသားခရီးသွားတွေကို ကန့်သတ်မှုများစွာနဲ့ ပြည်ဝင်ခွင့်ပိတ်ထားခဲ့ရာကနေ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာတော့ ကွာရန်တင်းဝင်စရာမလိုတဲ့ တံခါးဖွင့်အစီအစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။