သွင်းဂိုးများကိုကြည့်ပြီး ဘလွန်းဒီအောဆုမပေးသင့်ကြောင်း ယော်ဂင်ညိုတိုက်တွန်း

သွင်းဂိုးတွေကိုပဲကြည့်ပြီး ဘလွန်းဒီအော အကောင်းဆုံးကစားသမားဆု မပေးသင့်ကြောင်း ချဲလ်ဆီး ကွင်းလယ်လူ ယော်ဂင်ညိုက ပြောပါတယ်။
သူဟာ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ဆုဖလားရခဲ့သလို အီတလီနဲ့လည်း ယူရိုချန်ပီယံဖြစ်ခဲ့ပြီး ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိထားပါတယ်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ ဘလွန်းဒီအောအကောင်းဆုံးဆုအတွက် ယော်ဂင်ညိုလည်း ရရှိနိုင်ပေမယ့် မက်ဆီနဲ့ လီဝန်ဒေါစကီးတို့လိုတိုက်စစ်မှူးတွေနဲ့ အပြိုင်ဖြစ်နေတာပါ။
“ကျနော်ကပဲ ဘလွန်းဒီအောဆုကို ရရှိသင့်တယ်လို့ပြောတာမဟုတ်ပေမယ့် သွင်းဂိုးတွေ ရရှိနေတဲ့ သူတွေအပြင် တခြားနေရာက သူတွေအတွက်လည်း မက်လုံးတစ်ခုဖြစ်သင့်ပါတယ်။ တိုက်စစ်မှူး မဟုတ်တဲ့သူတွေ ရခဲ့ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် ဖြစ်မလာရင်လည်း စောဒကတက်စရာတော့ မရှိပါဘူး” လို့ ယော်ဂင်ညိုက မှတ်ချက်ပေးခဲ့တာပါ။
ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို မက်ဆီရရှိပြီးဖြစ်တယ်လို့ သတင်းထွက်နေပေမယ့် တိကျသေချာမှုတော့မရှိသေးပါဘူး။
ဘလွန်းဒီအောဆုကို ပြီးခဲ့တဲ့ဆယ်စုနှစ်ကျော်ကာလအတွင်းမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့သာ ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် တစ်ကြိမ်ပဲ ကွင်းလယ်လူ မိုဒရစ်ရရှိခဲ့ဖူးတာဖြစ်ပါတယ်။