အော်ဂဲနစ်စိုက်ပျိုးရေး ပြောင်းလဲရန်အစိုးရက ဆုံးဖြတ်လိုက်သဖြင့် သီရိလင်္ကာလယ်သမားများ ဆန္ဒပြ

သီရိလင်္ကာနိုင်ငံမှာ ပြည်ပမှတင်သွင်းတဲ့ ဓာတ်မြေဩဇာတွေကို တားမြစ်ပိတ်ပင်ပြီး အော်ဂဲနစ် စိုက်ပျိုးရေးကို ရာနှုန်းပြည့်ပြောင်းလဲ အသုံးပြုဖို့ အစိုးရကဆုံးဖြတ်ခဲ့လို့ နိုင်ငံတဝန်း လယ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။
ထောင်ချီတဲ့ လယ်သမားတွေ လမ်းပေါ် ထွက်လာခဲ့ကြပြီး တချို့ကတော့ စိုက်ပျိုးရေး လုပ်ငန်းသေပြီလို့ ရေးထားတဲ့ ခေါင်းတလားတွေကို သယ်ဆောင်ခဲ့ ကြပါတယ်။
“ကျနော်တို့ဟာ ဒီနေ့မှာ လယ်ကွင်းထဲ မြေပြင်ဖို့ ရှိနေခဲ့ရမှာ၊ ခုတော့ မြေဩဇာကိစ္စကြောင့် လမ်းပေါ်ထွက်ဖို့ တွန်းအားပေးခံရတယ် မြေဩဇာလုပ်ဖို့ ပြောခံရတယ်။ ဒါပေမဲ့ လုပ်စရာ အရင်းအမြစ် ကျနော်တို့မှာ မရှိဘူး” လို့ နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းက ဒေဟီယာတာကန်ဒီယာ မြို့က လယ်သမားတယောက်က ပြောပါတယ်။
သီရိလင်္ကာအစိုးရဟာ နိုင်ငံခြားကနေ တင်သွင်းမယ့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ မှိုသတ်ဆေး အားလုံးကို တားမြစ်ပိတ်ပင်မယ်လို့ မေလမှာ ကြေညာခဲ့ပါတယ်။
ဒါဟာ ပိုကျန်းမာစေတဲ့ စိုက်ပျိုးရေး အလေ့အကျင့်ကို တိုးမြှင့်ဖို့ အစိုးရရဲ့ အားထုတ်မှုလို့ သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာက ပြောပါတယ်။
စုစုပေါင်း ပြည်တွင်းထုတ်ကုန် GDP အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ ရှိတဲ့ သီရိလင်္ကာမှာ စိုက်ပျိုးရေးဟာ ၇ ရာခိုင်နှုန်း ရှိနေတာပါ။ လယ်သမားတွေမှာ လုံးဝ ပြင်ဆင်မှု မရှိသေးလို့ ဒီဆုံးဖြတ်ချက်အတွက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။
ထောင်ချီတဲ့ လယ်သမားတွေက လမ်းပေါ်ထွက် ဆန္ဒပြနေပြီး စိုက်ပျိုးရေးဝန်ကြီးရဲ့ ရုပ်ပြောင် ကောက်ရိုးရုပ်ကို မီးရှို့ခဲ့ကြသလို ဓာတ်မြေဩဇာ တားမြစ်ပိတ်ပင်ချက်ကို ပြန်ရုပ်သိမ်းဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
တားမြစ်ချက်ဟာ သီရိလင်္ကာရဲ့ စားနပ်ရိက္ခာ လုံခြုံရေးကိုပါ ခြိမ်းခြောက်နေပြီး တိုင်းပြည်အတွင်း လုံလောက်နေတဲ့ စပါးစိုက်ပျိုးရေးကို အဆုံးသတ်စေလိမ့်မယ်လို့လည်း ငြင်းခုန် ပြောဆို နေကြပါတယ်။
ဒါဟာ လွတ်လပ်ရေး ရပြီးတည်းက အစိုးရ တရပ် ချမှတ်တဲ့ အဆိုးဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး ဒါဟာ စားနပ်ရိက္ခာလုံခြုံရေး အားလုံးအပေါ် အကျိုးသက်ရောက်စေလိမ့်မယ်လို့ ပေရာဒေနီယာ စိုက်ပျိုးရေး တက္ကသိုလ် ကောက်ပဲသီးနှံ အထူးပြု အကြီးတန်း ပါမောက္ခ ဗုဒ္ဓိ မာရမ်ဘီက ပြောခဲ့ပါတယ်။
သီရိလင်္ကာ စိုက်ပျိုးရေးအခြေပြု စီးပွားရေးအသင်းကလည်း ဓာတ်မြေဩဇာ သုံးစွဲမှု လျှော့ချရေးဟာ စိုက်ပျိုးရေး ထုတ်ကုန် ပျမ်းမျှ အထွက်နှုန်းကို ၂၀ ရာခိုင်နှုန်း လျော့ကျစေပြီး GDP ကို ၃ဒသမ ၀၅ ရာခိုင်နှုန်း ကျဆင်းစေလိမ့်မယ်လို့ သမ္မတဆီ ပေးစာမှာ ပြောပါတယ်။