မအူပင်မြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ နိုဝင်ဘာ ၉ ရက်နေ့က ခိုးမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးလာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက် မအူပင်မြို့မရဲစခန်းအချုပ်မှာသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မအူပင်မြို့နယ်စည်ပင်အရာရှိနေအိမ် ဖောက်ထွင်းခံရတာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတယ် စည်ပင်အောက် ခြေဝန်ထမ်း လင်မယား နှစ်ယောက်ကို ရဲစခန်းမှာ ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်သူ ၁၀ ရက်နေ့ ညပိုင်းမှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ခုခေတ်က သိတဲ့အတိုင်း ရမ်းဖမ်းလည်း ခံရတာပဲ။ ရဲစခန်းရောက်ရင် နှိပ်စက်နည်းမျိုးစုံနဲ့ နှိပ်စက်တာ။ ခံရတာ ဝန်မခံ မချင်းပေါ့။ ခုလည်း သူတို့ နှိပ်စက်လို့ ကလေးမလေး သေသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ညတွင်းချင်း ဆေးရုံက ရင်ခွဲစစ်ဆေးတဲ့နေရာကိုပို့ဆောင်ပြီး ဆေးစာ နေရာမှာ သေဆုံးခဲ့ရောဂါကို အတက်ရောဂါနဲ့သေဆုံးတာဖြစ်တယ်လို့ ရေးပြီး ရပ်ကွက်ထဲ သတင်းလွှင့်ခဲ့တယ် လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မအူပင်မြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေပေါင်းပြီး ညစဉ်ဆိုသလို ဉပဒေမဲ့ ဖမ်းဆီးတာတွေ သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရတယ်။