ကင်မရွန်းနိုင်ငံတက္ကသိုလ်တွင် ဖောက်ခွဲခံရသဖြင့် ကျောင်းသား ၁၁ ဦးထက်မနည်း ဒဏ်ရာရ

ကင်မရွန်းနိုင်ငံအနောက်ပိုင်းက တက္ကသိုလ် စာသင်ဆောင်ခေါင်မိုးပေါ် နိုဝင်ဘာ ၁၀ ရက်က ဖောက်ခွဲရေးပစ္စည်းတခု ပစ်တင်ခံရလို့ တက္ကသိုလ်ကျောင်းသား ၁၁ ယောက်ထက် နည်း ဒဏ်ရာရခဲ့တယ်လို့ ဘွေအာတက္ကသိုလ်က အရာရှိတယောက်က ပြောပါတယ်။
ကင်မရွန်းနိုင်ငံအတွင်း အင်္ဂလိပ်စကားပြောတဲ့ ခွဲထွက်ရေးသမားတွေဟာ အစိုးရတပ်တွေနဲ့ တိုက်ပွဲဝင်နေပါတယ်။
ဒဏ်ရာရသူတွေရဲ့ အခြေအနေက ဆေးရုံပေါ်မှာ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ တက္ကသိုလ် ဒုတိယ အဓိပတိ ဟိုရေ့စ် မန်ဂါ အန်ဂိုမိုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ တိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာကို ပြောဖို့ ငြင်းခဲ့ပါတယ်။
တက္ကသိုလ်ပရဝုဏ်ကိုတော့ ပိတ်ထားပြီး ကျောင်းသားတွေ အိမ်ကို အလုအယက် ပြန်ခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတာ ချက်ချင်း မကြေညာကြသေးပါဘူး။
ပြီးခဲ့တဲ့ လေးနှစ်လုံး သူပုန်ထနေတဲ့ ခွဲထွက်ရေးသမားတွေက တိုက်ခိုက်တာလို့ အာဏာပိုင်တွေက သံသယရှိကြောင်း လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြင်သစ်အစိုးရအား မကျေနပ်တဲ့ ကျောင်းဆရာတွေနဲ့ ရှေ့နေတွေက ဆန့်ကျင်ဆန္ဒပြအပြီး ၂၀၁၆ ကစလို့ နိုင်ငံ အနောက်တောင်ပိုင်းဒေသနဲ့ အနောက်မြောက်ပိုင်း ဒေသတွေမှာ အကြပ်အတည်း စတင်ခဲ့ပါတယ်။
လုံခြုံရေးတပ်တွေက အကြမ်းဖက် နှိမ်နင်းလို့ လှုပ်ရှားမှု အစွန်းရောက်ခဲ့ပြီး ပဋိပက္ခအတွင်း လူအယောက် ၃၀၀၀ ကျော် သေဆုံးခဲ့သလို လူ ၁ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
နိုဝင်ဘာ ၈ ရက်ကလည်း နိုင်ငံအနောက်တောင်ပိုင်း ဘူအာ ဒေသမှာ ဖောက်ခွဲရေး ပစ္စည်းကြောင့် အငှားယာဉ်မောင်း တယောက် သေဆုံးခဲ့ပါတယ်။
မနှစ်က ခွဲထွက်ရေး သူပုန်တွေဟာ ဖောက်ခွဲရေး ပစ္စည်းတွေန့် တိုက်ခိုက်မှုကြောင့် ကင်မရွန်း စစ်သည် ဒါဇင်ချီ သေဆုံးခဲ့ပါတယ်။