အီကွေဒေါ ထောင်တွင်း အကြမ်းဖက်မှုကြောင့် ၆၈ ဦး ထက်မနည်းသေဆုံး

အီကွေဒေါနိုင်ငံ ဂွါယာကေးမြို့တောင်ပိုင်းက ပေနီတန်စီယာရီယာ ဒယ်လီတိုရယ်ထောင်မှာ ညလုံးပေါက် အကြမ်းဖက်မှုကြောင့် ထောင်သား ၆၈ ယောက်ထက်မနည်း သေဆုံးပြီး ထောင်သား ၂ ဒါဇင်ကျော် ဒဏ်ရာရခဲ့တယ်လို့ အစိုးရက နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
ပြိုင်ဘက်ဂိုဏ်းတွေကြား တိုက်ပွဲကြောင့် ဖြစ်တာလို့ အရာရှိတွေက ပြောပါတယ်။
ဒီထောင်ဟာ အီကွေဒေါရဲ့ အဆိုးဆုံးထောင်တွင်း အကြမ်းဖက်မှုအတွင်း ကျန်ခဲ့တဲ့ စက်တင်ဘာလ က ထောင်သား ၁၁၉ ယောက် သေဆုံးခဲ့တဲ့ ထောင်ပဲလို့ မီဒီယာတွေက ဖော်ပြပါတယ်။
ဒီအကြမ်းဖက်မှုဟာ ထောင်အတွင်း ထိန်းချုပ်ရေးအတွက် မူးယစ်ကုန်ကူးနေတဲ့ ဂိုဏ်းတွေကြား အငြင်းပွားမှုကြောင့် ဖြစ်တာလို့ အစိုးရက အပြစ်တင် ပြောဆိုပါတယ်။
ထောင်သားတွေရဲ့ ချစ်ခင်သူတွေဟာ ထောင်အပြင်ဘက်မှာ စုရုံ်စောင့်နေကြပြီး နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းကတည်းက ဘာသတင်းမှ မကြားရတော့ဘူးလို့ သူတို့ထဲက လူအများအပြားက ပြောပါတယ်။
သမ္မတက ဆင်းရဲသားတွေကို ကူညီဖို့ ပိုလုပ်သင့်တယ်လို့ ထောင်သားတွေရဲ့ ဆွေမျိုးတွေက ပြောပါတယ်။
အီကွေဒေါနိုင်ငံရဲ့ ထောင်စနစ်ဟာ လတ်တလော နှစ်တွေမှာ လူတွေ ကြပ်ညပ်နေတာ၊ သန့်ရှင်းရေး အခြေအနေ ညံ့ဖျင်းတာနဲ့ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေ ထူပြောတာတွေကို ပြင်းပြင်းထန်ထန် မီးမောင်း ထိုးပြနေပါတယ်။