အီကွေဒေါ အကျဉ်းထောင် ၂ ခု၌ အဓိကရုဏ်းဖြစ်ပြီး အကျဉ်းသား ၂၁ ဦး သေဆုံး

အီကွေဒေါနိုင်ငံမှာ ပြစ်မှုကြီးကျူးလွန်သူတွေကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်တွေထဲက ၂ ခုမှာ ဇူလိုင် ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း အနည်းဆုံးအကျဉ်းသား ၂၁ ဦး သေဆုံးပြီး ရဲအတော်များများလည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ SNAI အကျဉ်းထောင်အာဏာပိုင်က ပြောပါတယ်။
အခု သူ့အခန်းနဲ့သူ ရှိနေတဲ့ အကျဉ်းသားတွေကို ပြန်တွက်ကြည့်နေပြီး ထောင်ပြင်ရောက်သွားတဲ့ အကျဉ်းသား ၆၇ ဦးကို ပြန်ဖမ်းနိုင်ခဲ့တယ်လို့ အမျိုးသားရေးရဲဌာနရဲ့ အကျဉ်းထောင် အရေးပေါ်ထိန်းသိမ်းရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ပါဘလိုလီယွန်က ပြောပြပါတယ်။
ဒေသစံတော်ချိန် မနက် ၄ နာရီအထိကို အထပ်တိုင်း အခန်းတိုင်းက အကျဉ်းသားတွေဆီ မရောက်နိုင်ခဲ့ပေမဲ့ ထောင်အရေးပေါ်ဝန်ထမ်းတွေကတော့ ထောင်ခြံစည်းရိုးအပြင်ဖက်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အကူအညီနဲ့ အခြေအနေကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ အခုနှစ်အတွင်း ဒုတိယမြောက် ကြုံရတဲ့ သေစေနိုင်တဲ့ ထောင်တွင်း အကြမ်းဖက်မှုလည်း ဖြစ်ပါတယ်။ အဓိကရုဏ်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ အကျဉ်းသားတွေနဲ့ရဲတွေ ၅၇ ယောက် ရှိတယ်လို့လည်း ပြောပါတယ်။
ထောင်အဓိကရုဏ်းသတင်းကြောင့် အကျဉ်းထောင်တွေ အပြင်ဘက်မှာ အကျဉ်းသားတွေရဲ့ မိသားစုဝင်၊ ဆွေမျိုးမိတ်ဆွေတွေ ရောက်ရှိစောင့်ဆိုင်းနေကြပါတယ်။
ဒဏ်ရာရသူ၊ သေဆုံးသူတွေ ရှိတယ်လို့ သတင်းတွေကြားပြီး ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ဘယ်သူကမှ မပြောပြတော့ သူတို့ ဘာမှမသိရဘူးလို့ သတင်းထောက်ကို ပြောပါတယ်။
ဖေဖော်ဝါရီလတုန်းက Guayas နဲ့ Cotopaxi က ထိန်းသိမ်းရေးစင်တာတွေ အပါအဝင် အကျဉ်းထောင် ၃ ခုမှာ ပြိုင်ဘက်ဂိုဏ်းအဖွဲ့ဝင်တွေ အချင်းချင်းကြား ရန်ပွဲတွေကြောင့် အကျဉ်းသား အနည်းဆုံး ၇၉ ဦး သေဆုံးခဲ့ပါတယ်။
အီကွေဒေါအာဏာပိုင်တွေဟာ အကျဉ်းသား ၃၈၀၀၀ လောက် ပြည့်ကျပ်နေတဲ့ အကျဉ်းထောင်တွေက အကြမ်းဖက်မှုတွေကို လျှော့ချဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေဆဲ ဖြစ်ပါတယ်။