close

ကနီမြို့နယ် ကျေးရွာ ၄ ရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး၊ ရွာသားများ အိုးအိမ်စွန့်ခွာထွက်ပြေး

ဓာတ်ပုံ- စစ်ဘေးရှောင်ပြည်သူများ ယခင်ဓာတ်ပုံ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မဲဒင်ကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၄ ရွာကို  စစ်ကောင်စီတပ်တွေက  နိုဝင်ဘာ ၁၆ ရက်ဒီနေ့ မနက်ခင်း ၁၁ နာရီခွဲလောက်က  ဝင်ရောက်လာတာကြောင့် ရွာသားတွေ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။ 

စစ်ကောင်စီတပ်တွေက ရွာထဲဝင်လာပြီး နေအိမ်တွေကို ဝင်ရောက်ရှာဖွေ မွှေနှောက်ပြီး ရွာသားတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီး ယူဆောင်သွားကြတယ်လို့  ‌ဒေသခံတွေထံက သိရပါတယ်။

ကျွန်းရွာမှာ နေထိုင်တဲ့ ကျေးရွာသူတဦးက “ ကျမတို့ရွာဆီကို ပထမ ကနီမြို့ဘက်ကနေ ကျွန်းရွာကို အရင်ရှာဖွေတာတွေ လုပ်တယ်။ ဘာရှာဖွေတယ်ဆိုတာလဲ မသိဘူး။ သူတို့လုပ်သွားတာက ဒေသခံအိမ်တွေထဲဝင်တယ်။ နောက်ပြီး သေတ္တာတွေ သော့ဖျက်ပြီး ရှာဖွေတယ်။ နောက်တခုက ကျမတို့ ‌ထမင်းချက်စားတဲ့ ဆန်တွေနဲ့ဆီကို သူတို့လိုချင်သလောက်ယူတယ်။ ကျန်တဲ့အိမ်တွေက ဆန်နဲ့ ဆီတွေကို မြေပြင်ပေါ် အကုန်ပစ်ကျဲ သွန်ပစ်ထားခဲ့ကြတာ။ ကျမတို့  ကျွန်းရွာကတော့ ထွက်သွားပြီရှင့်။ အခု မဲဒင်ကျေးရွာထဲ ဝင်ရောက် မွှေနောက်ရှာဖွေတာတွေ လုပ်နေတယ်။” လို့ပြောပါတယ်။ 

ဒေသခံရွာသားတွေကတော့ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာချိန်မှာ ဖမ်းဆီး သတ်ဖြတ်ခံရမှာ စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေခဲ့ကြတယ်လို့ သိရပါတယ်။ 

“စစ်ကောင်စီတပ်က ပြည်သူကို ပြည်သူလို့ သဘောမထားဘူး။ အခုလည်းကြည့်လေ ဘာမှ မဆိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ အိမ်တွေ၊ ဆန်တွေ၊ ဆီတွေနဲ့ အိမ်ထောင်ပရိဘောဂတွေ ဖျတ်ဆီးစရာလား။ သူတို့ကို ကျမတို့ပြည်သူတွေက ဘယ်သူမှ ဘာမှမလုပ်ဘဲနဲ့။ ဒါသက်သက် လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတာ။ သူတို့ကတွေ့တဲ့လူအကုန်ဖမ်းဆီးတယ်။ လူသာဒိုင်းအဖြစ် ပထမသုံးတယ်။ အဲဒီလို လူသားဒိုင်းအဖြစ် သုံးပြီးတာနဲ့  ခေါင်းတေ့ပြီး သေနတ်နဲ့ ပစ်သတ်ထားခဲ့တဲ့ အရင်ဖြစ်စဉ် သာဓကတွေလည်းရှိခဲ့တော့ အကုန်ကြောက်ပြီးထွက်ပြေးရတာဖြစ်တယ်”လို့ ရွာသူ တစ်ဦးက ပြောပါတယ်။ 

မဲဒင်ကျေးရွာအုပ်စုမှာ မဲဒင်‌ရွာမ၊ မဲဒင်‌မြောက်ရွာ၊ ကျွန်းရွာ၊ စာဖိုကြီးရွာဆိုပြီး ကျေးရွာ ၄ ရွာရှိကာ အဆိုပါကျေးရွာတွေဟာ ကနီမြို့နဲ့ အထက်ဘက်  ၂ ဖာလုံလောက် ကွာဝေးကာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းပေါ်မှာ တည်ရှိတာလဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up