close

ရေလယ်ကျွန်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးငယ်ဖြင့်ပစ်ခတ်၊ ဒေသခံထောင်ချီ ထွက်ပြေး

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက် ပစ်ခတ်နေတာကြောင့် အနီးနားကျေးရွာ ဒေသခံ ထောင်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၆ရက်နေ့ မနက်ပိုင်းက မင်းရွာ ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အထိုင်ချကာ အနီးနား နေရင်းကျေးရွာ၊ မြေစွန်းကျေးရွာအပါအဝင် ရွာအချို့ကို လက်နက်ကြီးတွေနဲ့ မရပ်မနား ခြိမ်းခြောက်ပြီး ရမ်းသမ်းပစ်ခတ်နေခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ကျော်နဲ့ လက်နက်ကြီးငယ်တွေကို အသုံးပြုကာ မြေစွန်းကျေးရွာ၊ မြေတော်ကျေးရွာတွေဘက်ကို ချီတက်ပြီး ပစ်ခတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ရေလယ်ကျွန်း ဒေသခံတဦးက ပြောပါတယ်။

“ရွာမှာငါတို့မှာ မနေရဲဘူး၊ ညညဆိုလည်း  အရင်က အလုပ်လုပ်ရင် ညဘက်ကလည်း အလုပ်လုပ်လို့ရတယ်။ အခုဟာ စစ်တပ်တွေက ဝင်နေတာဆိုတော့ ညဘက်လည်း အလုပ်မလုပ်နိုင်ဘူး အဲ့လိုမျိုးဖြစ်နေတော့ကျတော့ ညဆို ၆ နာရီတောင် မထိုးသေးဘူး မီးတွေ တစ်အိမ်မှကို မရှိကြတော့ဘူး၊ မင်းရွာဘက်မှာ ဒီနေ့ အယောက် ၈၀ ကျော် အုပ်လိုက်ကြီးလာတာပဲ၊ ငတရော် ဘက်မှာ တစ်ဖွဲ့နေတယ်။ အဲ့ဒီ မင်းရွာဘက်ကနေ ငါတို့ရွာဘက်တွေ ဖြတ်ပြန်မှာကို ကြောက်နေကြတာ။ အခုက လက်နက်တွေနဲ့ထုလို့ထု၊ သေနတ်ကြီးတွေနဲ့ တဒိုင်းဒိုင်းပစ်လို့ပစ်နဲ့ဆိုတော့ ရွာကိုစွန့်ပြီးတော့ ထွက်ပြေးကြရတာ အိုးခွက်ပန်းကန်တွေတောင် မပါဘူး။ အသက်မသေရင်ပြီးရောဆိုပြီးတော့ ပြေးကြရတာပဲ ရွာကြီးလည်း ခြောက်ကပ်တိတ်ဆိတ်နေတာပဲ။” 

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ လောက်နဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ မနက် ၅ နာရီလောက်ကစတင်ပြီး ရေစကြိုမြို့နယ်ရေလယ်ကျွန်းကျေးရွာတွေကို လက်နက်ကြီးငယ်တွေနဲ့ ဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ မင်းရွာမှာ အခြေချကာ အနီးနားဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးငယ်တွေနဲ့  ပစ်ခတ်နေသလို အမျိုးသမီးတွေကို ဓားစာခံ ခေါ်ယူကာ ကျေးရွာတွေအတွင်း မွှေနှောက် ရှာဖွေတာ၊ ဗုံးထောင်တာတွေအပြင် တာဝါတိုင်တွေပေါ်က စနိုက်ပါ သေနတ်သမားတွေနဲ့ စောင့်ကြည့်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

  ရေစကြိုမြို့ပေါ်က ပေါက်တော ဇာက်ဆိပ်က စစ်ကောင်စီတပ်ဖွဲ့တွေဟာ တစ်ဖက်ကမ်းကို ကူးလာကြတာဖြစ်ပြီး ပေါက်တောဆိပ်ကမ်းမှာလည်း အင်အားအလုံးအရင်းနဲ့ အထိုင်ချ တပ်စွဲထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up