close

၉ လခွဲအတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူ ၁၂၆၅ ယောက်ကို ပစ်သတ်နှိမ်နင်းဟု အေအေပီပီ ထုတ်ပြန်

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လခွဲအကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၆၅ ယောက်ထိ ရှိလာခဲ့တယ်လို့ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၁၈၄ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇,၂၉၁ ယောက်ကတော့ လက်ရှိချုပ် နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၈၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ လူ ငယ်တယောက်ကို အကြမ်းဖက်စစ်အုပ်စုက လာရောက်ရှာဖွေချိန်မှာ မတွေ့တာကြောင့် သူ့ရဲ့ ဖခင်ဖြစ်သူ ဦးမြင့်နိုင်နဲ့ ဦးလေးဖြစ်သူ ဦးရဲအောင်တို့ကို ဓားစာခံအဖြစ် ဖမ်းဆီး သွားခဲ့ပြီး နောက်တနေ့ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ ဦးရဲအောင်ရဲ့ ရုပ်အလောင်းကို လာရောက်ထုတ်ယူဖို့ မိသားစုဆီ အကြောင်းကြားခဲ့ကြောင်း သိရှိရပါတယ်။ 

ဦးရဲအောင်ဟာ စစ်ကြောရေးမှာ ကျဆုံးသွားခဲ့ကြောင်းသိရှိရပြီး သူ့ရဲ့ ရုပ်အလောင်းမှာတော့ ဦး ခေါင်းမှာ ဒဏ်ရာ အများအပြား တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မရမ်း အင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာထိပ်မှာ နွား စာရိတ်နေတဲ့ ဦးသာအေးကို ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဦးသာအေးဟာ ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up